အစ္စရေးမှ တင့်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် ဂါဇာမြောက်ပိုင်းသို့ မြေပြင်မှစတင် ဝင်ရောက်တိုက်ခိုက်

Author လင်းနွေဦး
Categories
Published on Oct 28, 2023

အစ္စရေးဘက်မှ ပထမဆုံးအနေဖြင့် အောက်တိုဘာလ ၂၆ ရက်နေ့က ပါလက်စတိုင်းနိုင်ငံ ဂါဇာမြောက်ပိုင်းဒေသအတွင်းသို့ တင့်ကားများအပါအဝင် အင်အားအလုံးအရင်းဖြင့် မြေပြင်မှစတင် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၇)ရက်နေ့မှ ဟားမက်စ်စစ်အုပ်စုမှ စတင်သော တိုက်ခိုက်မှုအပြီး စစ်မီး စတင် ဖြစ်ပွားကာ အစ္စရေးဘက်က လေကြောင်းမှတစ်ဆင့် လက်တုံ့ပြန်တိုက်ခိုက်မှုများ ပြုလုပ်နေခဲ့ရာမှ ယခုအခါ မြေပြင်မှ ပြင်းထန်သော စစ်ဆင်ရေး တစ်ခုကို အောက်တိုဘာ (၂၆) ရက်နေ့ ညပိုင်းတွင် ဆင်နွှဲခဲ့ကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

စစ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အစ္စရေးစစ်တပ်ဘက်မှ တင့်ကားများ၊ တိုက်ခိုက်ရေး Drone များ အပါအဝင် အင်အားအလုံးအရင်းဖြင့် ဂါဇာမြောက် ပိုင်းဒေသသို့ ပစ်ခတ်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်တပ်ဘက်မှ ” ဟားမက်စ် တိုက်ခိုက်ရေးများနှင့် ထိတွေ့ခဲ့ပြီး စစ်မြေပြင် ပြင်ဆင်ရန် ရည်ရွယ်ချက်ဖြင့် တင့်ဖျက် လက်နက်များကို အဓိကထား တိုက်ခိုက်ခဲ့သည် ” ဟု စစ်ရေးကျွမ်းကျင်သူများ မျှော်လင့်ထားသည့် အတိုင်းပင် အစ္စရေးစစ်တပ်ဘက်မှ ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်စစ်တပ်သည်လည်း ပြီးခဲ့သည့် အပတ် အစောပိုင်းက အီရတ်နှင့် ဆီးရီးယားမြေရှိ ၎င်းတို့၏ အမေရိကန် အခြေစိုက်စခန်းများသို့ ဒရုန်းနှင့် ဒုံးကျည်များဖြင့် တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်မှု ပြုခဲ့သည်။

လက်တုံ့ပြန်မှုအနေဖြင့် ယနေ့ သောကြာနေ့ အစောပိုင်းတွင် အီရတ်တော်လှန်ရေး အစောင့်တပ်များနှင့် ချိတ်ဆက်ထားသော ဆီးရီးယားအရှေ့ပိုင်းနေရာ နှစ်ခုသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစ္စရေး၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုအတွင်း ဟားမက်စ်ထောက်လှမ်းရေး စစ်ခေါင်းဆောင်တစ်ဦးဖြစ်သူ Shadi Barud(ရှာဒီ ဘာရဒ်)မှာ ပစ်မှတ်ထား တိုက်ခိုက်ခံရပြီး သေဆုံးခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်များက BBC သို့ပြောကြားသည်။

အစ္စရေး၏ ဝန်းရံပိတ်ဆုံတိုက်ခိုက်မှုများကြောင့် ယခုအခါ ဂါဇာဒေသအတွင်း ပြည်သူများ အစားအစာ၊ ရေနှင့် လောင်စာဆီများ ပြတ်လတ်နေပြီး United Nations(UN)၏ ကူညီကယ်ဆယ်ရေးအဖွဲ့များပါ လုပ်ငန်းများလုပ်ဆောင်ရန် အခက်တွေ့နေပြီဖြစ်ကြောင်း UN လူသားချင်းစာနာထောက်ထားရေး ခေါင်းဆောင်များမှ ထုတ်ဖော်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် အပတ်အတွင်း UN အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီကိုယ်တိုင်ကြီးကြပ်ကာ ဂါဇာ ဒေသတွင်းသို့ ပို့ဆောင်ပေးခဲ့သည့် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့များ တင်ဆောင်ထားသည့် ထရပ်ကားကြီး ၂၀ စီးမှာလည်း ဂါဇာပြည်သူ များအဖို့ လုံလောက်မှုမရှိချေ။

European Union(EU )ခေါင်းဆောင်းများမှ လည်း ပြည်သူများထံသို့ လိုအပ်သောအထောက့်အပံ့များ ထပ်မံခွင့်ပြု ပို့ဆောင်ရန် စစ်ပွဲကို ရပ်ဆိုင်းစေလိုနေကြောင်း BBC News တွင် ဖော်ပြသည်။
အစ္စရေး-ဟားမက်စ်စစ်ပွဲ သုံးပတ်တာကာလအတွင်း အစ္စရေး ပြည်သူ ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေး ပြည်သူ ၂၂၀ ကျော် ဓားစားခံအဖြစ် ခေါ်ဆောင်ခြင်းခံထားရကာ ပါလက်စတိုင်းပြည်သူ ၇၀၀၀ ကျော်မှာလည်း အစ္စရေး၏ တန်ပြန် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသည်။