အစ္စရေးဘက် ရပ်မြဲရပ်ဆဲ အမေရိကန်

Author လင်းနွေဦး
Categories
Published on Oct 19, 2023

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယမန်နေ့ အောက်တိုဘာ ၁၈ ရက်နေ့မှာ အစ္စရေးနိုင်ငံသို့ရောက်ရှိခဲ့ပါတယ်။

ယခုဖြစ်ပွားနေတဲ့ ဟားမက်စ်-အစ္စရေး,အရေးကြောင့် နောက်ဆက်တွဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးတွေ အလွန်မကြီးမားလာခင် သက်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးတိုင်ပင်ဖို့ ရောက်လာတာလို့ အိမ်ဖြူတော်က ဆိုပါတယ်။

ဂျိုးဘိုင်ဒင် မရောက်ခင်လေးမှာပဲ အောက်တိုဘာ ၁၇ ရက်အင်္ဂါနေ့မှာ ဂါဇာရှိ ဆေးရုံတစ်ခု ပေါက်ကွဲမှုဖြစ်ခဲ့ရာမှာ အရပ်သား ၅၀၀ နီးပါးသေဆုံးခဲ့ရတယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနဘက်က ဆိုပါတယ်။

ဒီဖြစ်ရပ်မှာ နှစ်ဖက်စွပ်စွဲမှုတွေအပြန်အလှန်ပြုလုပ်နေကြပေမယ့် ဖြစ်ရပ်မှန်က ဘာလဲဆိုတာ ဘယ်သူမှ မဖော်ထုတ်နိုင်ကြသေးပါဘူး။

ဟားမက်စ်တွေဘက်က အစ္စရေးလုပ်ရပ်လို့ စွပ်စွဲခဲ့သလို အစ္စရေးဘက်ကလည်း “အစ္စလာမ် မစ် ဂျီဟတ်” အဖွဲ့အစည်းက ပစ်လွှတ်တဲ့ ဒုံးကျည်ပစ်မှတ်လွဲပြီး ဆေးရုံပေါ်လာကျတာလို့ ပြောပြန်ပါတယ်။

ဒါပေမဲ့ ဂျီဟတ်အဖွဲ့အစည်းကလည်း ပြန်ငြင်းထားပြီး အစ္စရေးလုပ်တာသာဖြစ်တယ်လို့ ပြန်စွပ်စွဲပါတယ်။

အစ္စရေးအကြီးမားဆုံးမဟာမိတ်ကြီးကလည်း အစ္စရေးဘက်ကို အကောင်းမြင်နေဆဲ၊ ရပ်တည်ပေးနေဆဲဖြစ်ပါတယ်။

“ဒီကိစ္စရပ်အပေါ် တာဝန်မရှိဘူး” လို့ ရရှိထားတဲ့ သတင်းအချက်အလက်၊ အထောက်အထားတွေအပေါ် အကဲဖြတ်ပြီး အမေရိကန်ပြည်ထောင်စုဘက်က အစ္စရေးကို ထောက်ခံပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂါဇာဆေးရုံ ထိခိုက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဂျိုး ဘိုင်ဒင်က ” ယခုလို ဆေးရုံထိခိုက်ပျက်စီးကာ ကံဆိုးခဲ့ရတဲ့အပေါ် ဂါဇာရှိပြည်သူတွေနဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်” လို့ မီဒီယာများရှေ့မှောက်မှာ ပြောဆိုခဲ့ပါသေးတယ်။

ဘိုင်ဒင်-နေတန်ရာဟု တွေ့ဆုံမှု ဘာထူးလဲ။

ဂျိုး ဘိုင်ဒင်နဲ့ အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုတို့နှစ်ဦးဟာ အမေရိကသမ္မတ မစ္စရေးစရောက်တဲ့ အောက်တိုဘာ ၁၈ ရက်မှာပဲ တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။

သူတို့တွေ့ဆုံမှုမှာ ယခုအရေးအခင်းအပေါ် အရေးပေးဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ တချို့သော ဆုံးဖြတ်ချက် ကိစ္စရပ်များကိုတော့ လျှို့ဝှက်ချက်အဖြစ်ထားတဲ့အတွက် ဘာလဲဆိုတာ မသိရပါဘူး။

ထုတ်ဖော်ပြောကြားခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုကတော့ ဂါဇာဒေသ နယ်စပ်မှာရှိတဲ့ Rafah(ရာဖာ)ဂိတ်ကိုဖြတ်ပြီး ဂါဇာ‌ဒေသအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကားအစီး ၂၀ ကို ဝင်ခွင့်ပေးဖို့ရှိတယ်ဆိုတာပါပဲ။

ဒီကိစ္စကို ဘိုင်ဒင် က အီဂျစ်သမ္မတ Abdel Fattah el-Sisi (အဘ်ဒယ်လ် ဖက်သာ အလ်စီစီ)နဲ့ အရင် သဘောတူညီမှုရယူခဲ့တာပါ။

အဲဒီနောက် အစ္စရေးဘက်က ဒါကို ခွင့်ပြုခဲ့ပေမယ့် ဟားမက်စ်များဘက်မှ ဓားစာခံအားလုံးကို မလွှတ်ပေးမချင်း နယ်မြေအတွင်းထောက်ပံ့မှုများကိုတော့ ခွင့်ပြုမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီထရပ်ကားအစီး ၂၀ ဟာ သောကြာနေ့မှာ ဂါဇာသို့ စတင် ဝင်ရောက်မယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က မီဒီယာတွေကို ထုတ်ပြောပါတယ်။

အစ္စရေးအပေါ် အမေရိကန်ရဲ့ ထောက်ပံ့မှု ဘယ်လိုရှိသလဲ?

မြင်တွေ့ရတဲ့အတိုင်း အမေရိကန်ကနေ စတင်တိုက်ခိုက်ခံရသူ အစ္စရေးအပေါ် စကားနဲ့ တစ်မျိုး လက်တွေ့ တစ်ဖုံ ကူညီနေတာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အစ္စရေးတောင်ပိုင်းကို အမေရိကန်ကနေ စစ်လက်နက်ပစ္စည်းအပြည့်ပါတဲ့ လေယာဉ်တစ်စင်း ပေးပို့ခဲ့ပါတယ်။

အစ္စရေးနဲ့ ရုရှားကျူးကျော်စစ် ခံစားနေရတဲ့ ယူကရိန်းကို ကူညီဖို့ လွှတ်တော် ကွန်ဂရက်ကို ဒေါ်လာ ၂ ဘီလီယံအထိ ဂျိုး ဘိုင်ဒင်ရဲ့အစိုးရအဖွဲ့က တောင်းဆိုထားပါတယ်။

အစ္စရေးကိုတင်လား ဆိုတော့မဟုတ်ပါဘူး။

ဂါဇာရှိ ပါလက်စတိုင်းပြည်သူတွေအတွက်လည်း အမေရိကန်ဘက်က ဒေါ်လာသန်း ၁၀၀ ကူညီပေးဖို့လျာထားတယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးမှု အေဂျင်စီဘက်ကနေလည်း ထပ်ပေါင်းဒေါ်လာ ၃၄ သန်း ထောက်ပံ့မယ် လို့ သိထားရပါသေးတယ်။

“ဒီပိုက်ဆံတွေဟာ အရေးအခင်းထဲက အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ပါလက်စတိုင်းပြည်သူတွေအပေါ် ရည်ရွယ်ပါတယ်။ ဂါဇာမှာရှိတဲ့ အရေးပေါ်လိုအပ်နေတာ အတွက်ပေါ့” လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ၁၉၄၈ ခုနှစ်ထဲကစတဲ့ အမေရိကန်ပြည်ထောင်စု-အစ္စရေးတို့ရဲ့ သံတမန်ဆက်ဆံရေးဟာ အခုဆိုရင် ၇၅ နှစ်ဝန်းကျင်အထိရှည်ကြာခဲ့ပြီဖြစ်ပါတယ်။

ဒီ ၇၅ နှစ်အတွင်း အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွေတိုင်း အမေရိကန် သမ္မတအဆက်ဆက်ဟာ အစ္စရေးဘက်ကပဲ ရပ်တည်လာခဲ့တာပါ။

လက်ရှိအချိန်အထိ အစ္စရေး-ဟားမက်စ် စစ်ပွဲမှာလည်း အမေရိကန်တို့ အစ္စရေးဘက်က ရပ်မြဲရပ်ဆဲပင်။

ဘယ်အထိ ရပ်တည်ပေးသွားမလဲ စောင့်ကြည့်ရပေဦးမယ်။

Related News

Depend on news