အစ္စရေးစစ်တပ် အလ်-ရှီဖာ ဆေးရုံမှ ဆုတ်ခွာအပြီးတွင် ဝန်ကြီးချုပ်နေတန်ညာဟုကို ရာထူးမှ နုတ်ထွက်ရန် ပြည်သူ သောင်းချီ ဆန္ဒပြ
အရှေ့အလယ်ပိုင်း ပါလက်စတိုင်းဒေသ ဂါဇာမြို့တွင်း စစ်ဆင်ရေးများ ဖော်ဆောင်လျက်ရှိသည့် အစ္စရေး စစ်တပ်များ မြို့တွင်းရှိ အကြီးဆုံးဆေးရုံတစ်ခုဖြစ်သည့် အလ်-ရှီဖာ ဆေးရုံ မှ ပြန်လည်ဆုတ်ခွာခဲ့ပြီးနောက် အစ္စရေးနိုင်ငံ မြို့တော် ဂျေရုစလင်တွင်း အစ္စရေးပြည်သူ သောင်းချီမှ ဝန်ကြီးချုပ်နေတန်ညာဟုနှင့် အစိုးရ အဖွဲ့ကို ရာထူးမှ နုတ်ထွက်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများရှိနေသည်ဟု နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။
ယနေ့ ဧပြီလ ၁ ရက်နေ့ မနက် အစောပိုင်းတွင် ၎င်းဆေးရုံ အနီးတစ်ဝိုက်ရှိ စစ်ဆင်ရေး ဖော်ဆောင်မှုများ ပြီးမြောက်သွားသဖြင့် တပ်များကို ပြန်လည် ရုတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ် (IDF)မှ ထုတ်ပြန်ချက်တစ်စောင်အား ထုတ်ပြန်ခဲ့သည်။
မြေပြင်ရှိ အလ်-ရှီဖာ ဆေးရုံအနီးတဝိုက်တွင်မှု မတ်လ ၁၈ ရက်နေ့က စတင်ကာ အစ္စရေးတပ်များ မှ နှစ်ပတ်ကြာ စစ်ရေးဖော်ဆောင်မှုများကြောင့် ဆေးရုံ ဝန်ထမ်းများ အပါအဝင် ပြည်သူ ၃၀၀ ကျော် ရုပ်အလောင်းများ ပြန့်ကျဲနေခဲ့ကြောင်း၊ ဆေးရုံမှာလည်း လုံးဝပျက်စီး သည့်အနေအထားဖြစ်နေကြောင်း ဂါဇာ အရပ်သားကာကွယ်ရေး ခေါင်းဆောင်တစ်ဦးမှ CNN သို့ပြောကြားသည်။
“အခြေအနေကတော့ အရမ်းဆိုးပါတယ်။အလ်-ရှီဖာ က လုံးဝကို ဖျက်ဆီးခံလိုက်ရပြီး ရစရာကို မရှိတော့ပါဘူး။ ဆေးရုံ ပတ်ဝန်းကျင်မှာလည်း ဒဏ်ရာရသူတွေနဲ့ သေဆုံးသူအလောင်းတွေ ကလည်း ပုံထပ်နေတာပါ။ ဒါတင်မက ဆေးရုံဝန်းထဲ အပျက်အစီးတွေကြားထဲ မြေမြုပ်ပစ်သလို ဖြစ်နေရတဲ့ အလောင်းတွေ လည်း ရှိနေပါသေးတယ်”ဟု ဂါဇာ အရပ်သားကာကွယ်ရေး ခေါင်းဆောင်ဖြစ်သူ မှ ဆိုသည်။
ထိုသို့ အစ္စရေးစစ်တပ်မှ ၎င်းတို့ စစ်ရေးရည်မှန်းချက် အောင်မြင်ကာ တပ်များဆုတ်ခွာခဲ့သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ဟားမက်စ် စစ်အုပ်စုမှ ဖမ်းဆီးထားကာ ကျန်ရှိနေသေးသည့် ဓားစာခံ အစ္စရေးပြည်သူများ ပြန်လည်လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခြင်းမရှိသေးသည့် ဝန်ကြီးချုပ် နေတန်ညာဟု နှင့် အစိုးရအဖွဲ့အပေါ် ပြည်သူများမှ ဆန္ဒပြ တောင်းဆိုမှုများရှိခဲ့သည်။
အစ္စရေးပြည်သူများကြား နာမည်ပြောင်”Bibi”ဖြင့် လူသိများသည့် ဝန်ကြီးချုပ်နေတန်ရာဟု ကို သောင်းချီသည့်ဆန္ဒပြ ပြည်သူများ မှ မတ်လ ၃၀ ရက် စနေနေ့မှ စတင်ကာ နီးဆပ်(Knesset)ဟု ကျော်ကြားသည့် အစ္စရေး ပါလီမန် ရှေ့တွင် အလံများ ၊ ဘန်နာများ ကိုင်ဆောင် ဆန္ဒပြမှုများ အပြင် လက်ကိုင် လော်စပီငယ်များဖြင့် “Bibi မင်းကျဆုံးခဲ့တယ်။ အိမ်ပြန်တော့” ဟု အော်ဟစ်ပြောဆိုမှုများ ရှိခဲ့သည်။
အစ္စရေးနိုင်ငံမှ လက်ရှိကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲ အတွက် ပါလီမန်တွင် ဆွေးနွေးမှုများ ပြုလုပ်မည့် ရက်ဖြစ်သည့် လာမည့် ဧပြီလ ၃ ရက်နေ့အထိ ဆန္ဒပြမှုများ ရှိမည်ဖြစ်ကြောင်း ဆန္ဒပြမှုများကို ဦးဆောင်သည့် ခေါင်းဆောင်များမှ ဒေသတွင်းမီဒီယာများသို့ ပြောကြားထားကာ ထိုသို့ ဆန္ဒပြမှုများနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ်မှ တုံ့ပြန်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
“ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်မှုတွေကို ရွှေ့ဆိုင်းထားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီအချိန်မှာသာ ရွေးကောက်ပွဲ ပြုလုပ်ရင် ဟားမက်စ် စစ်အုပ်စုက ဒီအပေါ် အမြတ်ထုတ်ပါလိမ့်မယ်”ဟု ပြီးခဲ့သည့် မတ်လ ၃၁ ရက် တနင်္ဂနွေနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အစ္စရေးဝန်ကြီးချုပ်က မီဒီယာများရှေ့မှောက်၌ ပြောကြားခဲ့ကြောင်း Associated Press မီဒီယာမှ ဖော်ပြသည်။
လက်ရှိတွင် အစ္စရေး ဘက်မှ ပါလက်စတိုင်းဒေသ ၏ သုံးပုံ တစ်ပုံကို ထိန်းချုပ်စိုးမိုးထားကာ မြို့တွင်း ရှိ အလ်-ရှီဖာ ဆေးရုံကြီး နှင့် ဆက်စပ် နေရာများ၌ ဟားမက်စ် စစ်အုပ်စုများ ပုန်းအောင်းသည်ဟု ဆိုကာ လေကြောင်းနှင့် မြေပြင်စီးနင်းတိုက်ခိုက်မှုများကို အချိန်ကြာမြင့်စွာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၊ United Nations(UN)ကဲ့သို့သော အဖွဲ့အစည်းကြီးများမှ အရပ်သားထိခိုက်သေဆုံးမှုများကို လျော့ချရန် သတိပေးပြောကြားမှုများကိုသာမက မိတ်ဖက် အမေရိကန်နိုင်ငံ၏ အသိပေးပြောဆိုမှုများကို လက်သင့်မခံခဲ့သည့် အစ္စရေးနိုင်ငံကို နိုင်ငံတကာ မှုခင်းတရားရုံးဖြစ်သည့် (ICJ) မှ အပတ်အခတ်ရပ်စဲကာ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဂါဇာပြည်သူများထံ ခွင့်ပြုရန် မတ်လ ၂၈ ရက်နေ့တွင် အမိန့်ချမှတ်ထားသည်။
မတ်လ ၂၅ ရက်နေ့တွင် ဂါဇာဒေသတွင်း အပတ်အခတ်ရပ်စဲရေး အတွက် ကုလသမဂ္ဂ မှ လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအား မဲခွဲအတည်ပြုတောင်းဆိုခဲ့ရာတွင်လည်း ဟားမက်စ် စစ်အုပ်စုနှင့် စတင်စစ်မက်ဖြစ်ပွားစဉ်ကတည်းက အစ္စရေးဘက်မှ ရပ်တည်ခဲ့သည့် အမေရိကန်နိုင်ငံ အနေဖြင့် ဗီတိုအာဏာသုံး ပယ်ချခြင်းမရှိခဲ့သည့်အပြင် မဲပေးမှုလည်း မရှိခဲ့သဖြင့် အပစ်အခတ်ရပ်စဲရေး ဘက်မှ ထောက်ခံမဲ ၁၄ မဲကို လုံခြုံရေးကောင်စီမှ ရရှိထားသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀၂၃ ခုနှစ် အောက်တိုဘာ မှ စတင်ကာ ဖြစ်ပွားခဲ့သည့် အစ္စရေး- ဟားမက်စ် စစ်ပွဲအတွင်း ဟားမက်စ်စစ်အုပ်စုဘက်က စတင်တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၁၂၀၀ ကျော် သေဆုံးခဲ့ပြီး အစ္စရေးဘက်မှ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၃၂,၀၀၀ ကျော် သေဆုံးခဲ့ရကာ ၎င်းအနက် သုံးပုံနှစ်ပုံမှာ ကလေးသူငယ်များနှင့် အမျိုးသမီးများဖြစ်သည်။
ဓာတ်ပုံ – CNN
ပုံစာညွှန်း – အစ္စရေးဝန်ကြီးချုပ်နှင့် အစိုးရ အဖွဲ့အား နှုတ်ထွက်ရန် ဆန္ဒပြနေသည့် သောင်းချီသည့် ဆန္ဒပြပြည်သူများကို ဝေဟင်မှ မြင်ရစဉ်