အစာငတ်ခံဆန္ဒပြနေသည့် နိုင်ကျဉ်းများတောင်းဆိုချက် ကျိုက်မရောထောင်အာဏာပိုင်များ သဘောတူ

Author ဂျွန်နသန်
Categories
Published on Feb 11, 2024

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကျိုက်မရောထောင်အတွင်းရှိ အစာငတ်ခံဆန္ဒပြနေသည့် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်အား ဖေဖေါ်ဝါရီ ၁၀ ရက်နေ့တွင် ထောင်အာဏာပိုင်များမှ လိုက်လျောခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင်တစ်ဦးထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တောင်းဆိုချက် ၃ ရပ်ဖြင့် အစာငတ်ခံဆန္ဒပြကြသည့် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုချက်ကို နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPN Myanmar မှ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက် ညှိနှိုင်းဆောင်ရွက်မှုများ ရှိလာခဲ့ပြီး တောင်းဆိုချက်များကို လိုက်လျောခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

 

”လက်ရှိမှာတော့ ကျွန်တော်တို့ ကျိုက်မရောအကျဥ်းထောင်မှာ ပေါ့နော် မနေ့က‌ ကြေညာချက်ထုတ်ပြီးနောက်မှာ လာရောက်ညှိနိူင်းမူတွေရှိတယ်လို့ သိရတယ်၊ နိုင်ကျဉ်းတွေရဲ့ တောင်းဆိုမှုတွေကိုလည်း စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာန ထောင်အာဏာပိုင်တွေက လိုက်ရောခဲ့တယ်လို့ သိရပါတယ်” ဟု နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးမှ CJ Platform သို့ ပြောသည်။

 

ကျိုက်မရောအကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများမှာ ၄၇ ဦးရှိပြီး ၎င်းတို့အား ဝန်းရံသူ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦးရှိကြောင်းသိရကာ အစာငတ်ခံဆန္ဒပြနေစဉ် အချိန်အတွင်း နိုင်ကျဉ်းအချို့  အကျဉ်းထောင်ဆေးရုံတွင် ဆေးကုသမှုခံယူရသည်များရှိသလို ကျန်းမာရေးထိခိုက်ခဲ့သည့် သူများလည်း ရှိခဲ့ကြောင်း သိရှိရသည်။

 

ကျိုက်မရောအကျဥ်းထောင်တွင် အကျဥ်းသားများမှ လက်ကိုင်ဖုန်းသုံးစွဲနေသည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များမှ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် အတင်းအဓမ္မ ဝင်ရောက်ရှာဖွေခဲ့ပြီး ဖေဖော်ဝါရီလ ၄ရက်နေ့ ည ၇နာရီခွဲ ထောင်ပိတ်ချိန်တွင် နိုင်ငံရေးအကျဥ်းသားနှစ်ဦးကို ထုတ်၍ အကြောင်းပြချက်မရှိ ခေါ်ယူရိုက်နှက်ပြီး တိုက်ပိတ်ထားခဲ့သဖြင့် အစာငတ်ခံဆန္ဒပြကာ တောင်းဆိုချက် ၃ ရပ် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

 

၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ နိုင်ငံရေးအကျဉ်းသား အဖြစ် ၂၀၀၇၁ ဦးဖမ်းဆီးခံနေရဆဲဖြစ်ပြီး ၈၇၇၆ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်များအရ သိရသည်။