အင်္ဂလန်အမျိုးသမီးအသင်း ယူရိုဖလား နှစ်ကြိမ်ဆက် ဗိုလ်စွဲ

ဆွစ်ဇာလန်နိုင်ငံ ဘာဆယ်လ်မြို့က စိန့်ဂျေကော့ပါ့ခ် အားကစားကွင်းမှာ ဇူလိုင် ၂၇ရက်နေ့က ကျင်းပခဲ့တဲ့ အမျိုးသမီးယူရို ၂၀၂၅ ဗိုလ်လုပွဲအတွင်း အင်္ဂလန်အမျိုးသမီးဘောလုံးအသင်း (The Lionesses)က စပိန်အမျိုးသမီးဘောလုံးအသင်းကို အနိုင်ယူကာ နှစ်ကြိမ်ဆက် ဥရောပချန်ပီယံ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းဟာ ၂၀၂၂ခုနှစ်က ကျင်းပခဲ့တဲ့ ယူရိုပွဲမှာလည်း ချန်ပီယံဆုကို ဆွတ်ခူးထားနိုင်ခဲ့ပါသေးတယ်။
ပွဲစဉ် ပထမပိုင်းမှာ စပိန်အသင်းဘက်က ၁ ဂိုးအသာနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ အင်္ဂလန်အသင်းဘက်က ချေပဂိုးပြန်သွင်းနိုင်ခဲ့တာကြောင့် ၁ဂိုးစီ သရေရလဒ်နဲ့ ပင်နယ်တီအဆုံးဖြတ်ထိကို ဆက်သွားခဲ့ရပါတယ်။
ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန်မှာတော့ အင်္ဂလန်အမျိုးသမီးအသင်းက စိတ်တည်ငြိမ်စွာနဲ့ ကန်သွင်းနိုင်ခဲ့သလို ဂိုးသမားကလည်း စပိန်အသင်းရဲ့ ပင်နယ်တီကန်သွင်းမှု ၂ ကြိမ် အထိ ကာကွယ်နိုင်ခဲ့တာကြောင့် ၃ ဂိုး ၂ ဂိုးရလဒ်ထွက်ခဲ့ပြီး အင်္ဂလန်အသင်းက ပင်နယ်တီ ၂ ဂိုးအသာနဲ့ ၂၀၂၅ ခုနှစ်ရဲ့ ယူရိုချန်ပီယံဆုကို ရရှိခဲ့ကြပါတယ်။
အမျိုးသမီးယူရို-၂၀၂၅ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ စပိန်ကွင်းလယ်ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုကို အင်္ဂလန်တိုက်စစ်မှူး အက်ချ်ယီမန်းက ရရှိခဲ့ပါတယ်။
အင်္ဂလန်အမျိုးသမီးအသင်းဟာ အသင်းနည်းပြ ဆာရီနာ ဝိခ်မန် ရဲ့လမ်းညွှန်မှုအောက်မှာ ယူရိုချန်ပီယံဆုကို ၂၀၂၂ ခုနှစ်မှာတစ်ကြိမ် ခု ၂၀၂၅ ခုနှစ်မှာ တစ်ကြိမ်နဲ့ နှစ်ကြိမ်ဆက်တိုက် ရရှိထားပြီး နည်းပြ ဆာရီနာဝိခ်မန်ဟာ အမျိုးသမီးယူရိုပြိုင်ပွဲတလျောက် ၃ကြိမ်ဆက်တိုက် ချန်ပီယံဆုရယူနိုင်တဲ့ ဒုတိယမြောက် နည်းပြအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ သူဟာ အမျိုးသမီးယူရိုနဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဗိုလ်ပွဲ ၅ကြိမ်ထိရောက်အောင် စွမ်းဆောင်နိုင်တဲ့ ပထမဆုံးသော နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။
Source – BBC
ဓာတ်ပုံ – England Football Team