အင်းဝရှေးဟောင်းနယ်မြေကို အကွက်ရိုက်ရောင်းစား၊ တစ်ကွက်လျှင် သိန်း ၃၀၀ ခန့်စျေးပေါက်

Author ခေတ်နီ
Categories
Published on Aug 25, 2023

မြန်မာပြည်သူများမြတ်နိုးတန်ဖိုးထားသည့် ရှေးဟောင်းနယ်မြေတစ်ခုဖြစ်သောမန္တလေးတိုင်း တံတားဦးမြို့နယ် အင်းဝမြို့ဟောင်း နယ်နိမိတ်အတွင်းရှိ မြေနေရာများကို အကွက်ရိုက်ကာ ရောင်းချမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

အင်းဝမြို့ဟောင်း အမွေအနှစ်တည်ရှိရာ (Property Zone) အတွင်းရှိ ရတနာဆီမီးဘုရားစု၊ ဦးအိုအုတ်ကျောင်း၊ အင်းဝရှေးဟောင်းသုတေသနပြတိုက်၊ လောကသရဖူဘုရားကြီးနှင့် လေးထပ်ကြီးကျောင်းအကြားရှိ မြေနေရာများအား အကွက်များရိုက် ရောင်းချနေခြင်းဖြစ်သည်။

ထိုသို့ ရောင်းချနေမှုကို မည်သူများကဦးဆောင်ကာ လုပ်ဆောင်နေသည်ကို မသိရှိရသေးသော်လည်း မြေကွက်ဝယ်ယူသူများတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများပါပါဝင်နေပြီး ပေ ၄၀ ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၃၀၀ ဝန်းကျင်အထိစျေးနှုန်းရှိနေကြောင်း CJ Platform က စုံစမ်းသိရှိရသည်။

အင်းဝမြို့ဟောင်း နယ်နမိတ်အတွင်း မြေကွက်ရိုက် ရောင်းချနေပုံ

“ရောင်းတာကတော့ အရင်တည်းကရှိနေတာပါပဲ။ ဒီမြို့ဟောင်းတင် မဟုတ်ဘူး။ တံတားဦး ပတ်ပတ်လည်မှာပါ ရှိနေတာ။ စည်ပင်ရောထွေအုပ်ရောနဲ့ပါ ပေါင်းလုပ်ကြတာပေါ့။ လုပ်နေတာက အဲဒီက ဒေသခံတွေမဟုတ်ဘူး။ မြေကွက်တွေဖော်ပြီး ငွေပြန်ဖော်တဲ့သူတွေလို့ ပြောရမလား။ အဲဒီလိုမျိုးလူတွေပေါ့ ” ဟု အသက် ၄၀ အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

၂၀၁၉ ခုနှစ်တွင် ပြဌာန်းခဲ့သည့် ယဥ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ရှေးဟောင်းဇုန်နယ်မြေများတွင် ထိုသို့ မြေကွက်ရိုက်ရောင်းချခွင့်နှင့် အဆောက်အအုံသစ် ဆောက်လုပ်ခွင့်မရှိကြောင်း ပြဌာန်းထားသော်လည်း ယခုအကွက်ရိုက်ရောင်းချနေသည့် မြေကွက်များတွင် တိုင်းအဆင့် အထွေထွေအုပ်ချုပ်ရေးရုံးမှ ချပေးထားသည့် အဆောက်အအုံ ဆောက်လုပ်ခွင့်ပါမစ်များပါ ရှိနေကြောင်း သိရသည်။

မြေကွက်ရိုက် ရောင်းချနေသည့် နေရာအား ၂၀၂၀ခုနှစ် ဒီဇင်ဘာလအတွင်း ဂြိုလ်တုမြေပုံများမှ တဆင့်မြင်ရပုံ

မြေကွက်ရိုက် ရောင်းချနေသည့် နေရာအား ၂၀၂၃ခုနှစ် မေလအတွင်း ဂြိုလ်တုမြေပုံများမှ တဆင့်မြင်ရပုံ

ထိုအခြေအနေများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနဌာန (မန္တလေး) ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာသန်းထိုက်ထံ ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ပြန်လည် ဖြေကြားထားသည်။

“ဒါတွေလုပ်နေတာကို ကျနော်တို့ကတော့ မသိသေးဘူး။ အဲဒါတွေက ထွေအုပ်မေးမှပဲသိမယ်။ ဇုန်သတ်မှတ်ပြီးသား ဧရိယာတွေမှာတော့ ရှိပြီးသား အိမ်တွေကိုတောင် ပိုင်ဆိုင်ကြောင်းလျှောက်တာ၊ ဦးပိုင်လျှောက်တာကို ခွင့်မပြုဘူး။ ရောင်းတာဆိုရင်တော့ ပိုဆိုးတာပေါ့လေ။ ရှိပြီးသားဟာတောင် ကျနော်တို့ ခွင့်မပြုထားရင် ကျန်တာတွေဆို ပြောစရာတောင် မလိုတော့ဘူး။ ဒါမျိုးတွေ ရောင်းနေတာရှိ၊ မရှိကို အင်းဝဌာနခွဲကို လှမ်းမေးထားပါတယ်” ဟု ဒေါက်တာ သန်းထိုက်က ဆိုသည်။

ထိုသို့ ရှေးဟောင်းအမွေအနှစ်ဇုန်အတွင်း မြေကွက်ရိုက်ရောင်းချနေမှုများပေါ် ရှေးဟောင်းသုတေသီ တချို့မှလည်း ဝေဖန်မှုများ ရှိနေသည်။

“ဒီလိုဆောက်တာတွေက ၂၀၁၉ ရှေးဟောင်းဥပဒေအရ ဘာမှခွင့်မပြုဘူး။ ဒီလိုအကွက်ရိုက်ရောင်းတာတွေ၊ လူနေတိုးချဲ့မှုဖြစ်အောင် လုပ်တာတွေက ရှေးဟောင်းယဥ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ တည်ဆဲဥပဒေတွေကို ဌာနဆိုင်ရာတွေက မသိကျိုးကျွံပြုပြီး လုပ်တာတွေ ဘောင်ကျော်လုပ်နေတာတွေလို့ သုံးသပ်တယ်။နောက်တစ်ခုက အင်းဝမှာ အရင်တည်းက အခြေချနေတဲ့သူတွေရှိတယ်။ ဒီလိုအခြေချမှုအပေါ်မှာလည်း ပြောစရာရှိတယ်ပေါ့။ အမွေအနှစ်တည်တံ့ဖို့တင် မဟုတ်ဘူး။ အဲဒီနေရာက လူတွေရဲ့ လူမှုစီးပွားပြေလည်ဖို့ကိုလည်း ဦးစားပေးရမယ်။ အဲဒါက ဒီ ၂၁ ရာစုရဲ့ အမွေအနှစ်ထိန်းသိမ်းရေးစံနှုန်းပဲ။ ဟိုအရင်တည်းကနေတဲ့သူတွေက နေလို့ရတယ်။ အင်းဝခေတ်တည်းက ရွာတွေရှိခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုစီးပွားဖြစ် မြို့ကွက်ဖော်ရောင်းတာက ကြိုက်တဲ့နေရာလုပ် ရှေးဟောင်းဇုန်မှာ လုံးဝလုပ်မရဘူး။ အခုလိုလုပ်တာက တိတိပပကိုဌာနဆိုင်ရာတွေက တည်ဆဲဥပဒေကို ချိုးဖောက်တာ” ဟု ရှေးဟောင်းသုတေသီတစ်ဦးဖြစ်သူ ကိုသူရအောင်က သုံးသပ်သည်။

မြေကွက်ရိုက်ရောင်းချနေသည့်နေရာကို CJ Platform မှ ပထဝီဝင်တည်နေရာအတည်ပြုခဲ့ရာတွင် ကိုဩဒိနိတ်အမှတ် 21°51’16″N 95°58’14″E အဖြစ် အတည်ပြုနိုင်ခဲ့ပြီး ယင်းနေရာကို ဂြိုလ်တုမြေပုံများဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာတွင် မြန်မာစစ်တပ် အာဏာမသိမ်းမီ ၂၀၂၀ ခုနှစ် ဒီဇင်ဘာအတွင်း ရိုက်ကူးထားသည့် ဂြိုလ်တုမြေပုံများ၌ သစ်ပင်များ၊ တောအုပ်များဖြင့် စိမ်းလန်းစိုပြေနေသည်ကို တွေ့ရှိခဲ့ရပြီး ၂၀၂၃ ခုနှစ် မေလအတွင်း ရိုက်ကူးထားသည့် ဂြိုလ်တုမြေပုံများတွင် သစ်ပင်များ၊ တောအုပ်များ ရှင်းလင်းထားသည်ကို တွေ့ရှိရသည်။