အင်းတော်၌ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ကျော်သေဆုံးခဲ့ပြီး၊စစ်တပ်အင်အား ထပ်မံတိုးချဲ့လာမှုကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်

Author လင်းခိုင်
Categories
Published on Dec 19, 2022

 

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့၌ သုံးရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးခဲ့ပြီး၊ စစ်တပ်အင်အား ထပ်မံတိုးချဲ့လာမှုကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်ကြောင်း Indaw Revolution မှ ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ပြောကြားသည်။

“အင်းတော်မှာ ၃ ရက်ဆက် တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲပြီးတော့ မှန်ဘီလူးနဲ့ကြည့်ာတော့ အလောင်းတွေ ဒဏ်ရာရတဲ့သူတွေကို ရွာထဲထမ်းသယ်နေတာကိုမြင်ရတယ်။ အင်အား ၇၀ ကျော်ပါတဲ့ စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်တာ၊ သူတို့အင်အား ၃၀ လောက်ပဲကျန်တော့တယ်။ အခု သူတို့ အင်အား ၁၅၀ လောက်ထပ်ထိုးထားတယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ပြောသည်။

သုံးရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အကျအဆုံးများခဲ့သော်လည်း တိုက်ပွဲအခြေအနေ ကြောင့် လက်နက်များ ရယူနိုင်ခဲ့ခြင်းမရှိကြောင်း ယင်းက ဆက်လက်ပြောကြားသည်။

ဒီဇင်ဘာ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ အင်းတော်မြို့နယ်၊ ညောင်ကုန်ကျေးရွာ၊ ဂျုံးဂျုံးဂျကျေးရွာနှင့် ပိန်အင်းရွာ အနီးတွင် KIA၊ KPDF? အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့များ နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီဘက်မှ ၄၀ ကျော်သေဆုံးခဲ့ပြီး၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ရင်ဘတ်ထိမှန် ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေကြောင်းသိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များသည် ဂျုံးဂျုံးဂျရွာသစ်မှ နေအိမ် ၆လုံးနှင့် စားသောက်ဆိုင် နှစ်ဆိုင်၊ ဂျုံးဂျုံးဂျရွာမှမှ နေအိမ် ၁၁ လုံး၊ မအူကုန်းရွာမှ နေအိမ် အလုံး ၂၀ နှင့် ပိန်းအင်ရွာမှ နေအိမ် တစ်လုံးတို့ကို မီးရှို့ဖျက်ဆီးထားပြီး ပြည်သူ ၅၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်းသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်များသည် အင်အားတိုးချဲ့လာသည့်အတွက် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သဖြင့် ပြည်သူများ သတိပြုကြရန် Indaw Revolution ကနှိုးဆော်ထားသည်။
ဓာတ်ပုံ- Indaw Revolution
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်