အင်းတော်တွင် ‌စစ်ကောင်စီတပ်နှင့် PDF တပ်များ နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး ထိခိုက်သူများပြား

Author ခေတ်နီ
Categories
Published on Dec 27, 2022

စစ်ကိုင်းတိုင်း၊ အင်းတော်တွင် ‌စစ်ကောင်စီတပ်နှင့် ဒေသခံ PDF များကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုများပြားနေကြောင်း Indaw Revolution IR အဖွဲ့ တာဝန်ရှိသူထံ မှသိရသည်။

ယမန်နေ့က စတင်ပြီး စစ်ကောင်စီတပ်စစ်ကြောင်းနှင့် KIA Indaw PDF ပူးပေါင်းတပ်တို့ကြား နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့တာပဲ ဖြစ်သည်။

အဆိုပါ တိုက်ပွဲများအတွင်းမှာ စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်နှင့် သေဆုံးမှုများ များပြားနေပေမယ့် အတည်ပြုမရသေးပဲ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၅ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေမှာ ရှိနေကြောင်း သိရသည်။

“သူတို့စစ်ကြောင်းက ၁၂၀ ကျော်လောက်ရှိမယ်၊ မဲဇာကနေတက်လာတုန်း ပူးပေါင်းတပ်က ဖြတ်တိုက်တာပေါ့ အထိအခိုက်အတော်များတယ်၊ အခုမဲဇာစခန်းထဲမှာပေါ့ ကျနော်တို့ကို အဲ့ထဲက သတင်းပေးတာတော့ ၈၀ လောက်ပဲ အခြေအနေကောင်းတယ်ပြောတယ်၊ အတည်အကျကိုတော့ မသိသေးဘူး ကျနော်တို့ဘက်က ထိတာတွေတော့ ဆေးကုနေပြီ” ဟု IRမှ တာဝန်ရှိသူတစ်ဦးမှ CJ Platform ကိုပြောသည်။

ပထမနေ့တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်မှ မိုးလှိုင်းကုန်းရွာကို မီးရှို့ခဲ့ရာ နေအိမ် ၁၆ လုံး မီးလောင်ပျက်စီးခဲ့ပြီး ယနေ့တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့ကာ တိုက်ပွဲအပြီးတွင် အလယ်ဆိပ်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုသို့ စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် မီးရှို့မှုကြောင့် အလယ်ဆိပ်ရွာမှ ဈေးဆိုင်ခန်း ၆ ခန်း၊ စာကြည့်တိုက် ၁ လုံး၊ နေအိမ် ၂၆ လုံးနှင့် စပါးတင်းပေါင်း ထောင်ချီ မီးလောင် ပျက်စီးကာ အလယ်ဆိပ်၊ မဲဇာနှင့် နန့်သဲရွာမှ ဒေသခံများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။