အင်းတော်တွင် စစ်တပ်ကသတ်ဖြတ်ခဲ့သည့် အရပ်သား ၈ ဦး၏ အလောင်းများတွေ့

Author ခေတ်နီ
Categories
Published on Dec 26, 2022

 

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က နိုဝင်ဘာလကုန်ပိုင်းက ဖမ်းဆီးသွားသည့် နတ်မဟုတ်ကြီး ကျေးရွာသား ရှစ်ဦး၏ ရုပ်အလောင်းများကို ပြန်လည် ရှာတွေ့ပြီဖြစ်ကြောင်း Indaw Revolution – IR တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကောင်စီ စစ်ကြောင်းသည် နတ်မဟုတ်ကြီးရွာမှ ဒေသခံ ၈ ဦးကို ဖမ်းဆီး သွားခဲ့ပြီး နောက်တနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် အဆိုပါ ဒေသခံ ၈ ဦးကို လက်ပြန်ကြိုးတုတ်ကာ ၂ ဦးကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ပြီး ကျန် ၆ ဦးကိုတုတ်ဖြင့် ရိုက်သတ်ခဲ့တာပဲ ဖြစ်သည်။

ထို့အပြင့် သတ်ဖြတ်ခံရသည့် ဒေသခံများကို ကျင်းတစ်ကျင်းတွင် ၃ ဦး နောက် ကျင်းတစ်ကျင်းတွင် ၅ ဦးစီဖြင့် စစ်ကောင်စီတပ်မှ မြှုပ်နှံ ထားခဲ့သည်။

“ကျနော်တို့ ပြန်တွေ့တော့အလောင်းတွေက အခြေအနေဆိုးနေပြီ ရိုက်ခံထားရတော့ တချို့ဆို ဦးနှောက်တွေပါ ထွက်နေတာ ပြန်တွေ့တာကတော့ ဆေးကြောင်ပြီး ရောက်လာတဲ့ စစ်သားကို ဖမ်းမိတော့ မေးလိုက်တာ အဲ့ရွာသားတွေကိုဖမ်းပြီး နောက်ရက်ပဲသတ်လိုက်ပြီလို့ ပြောလို့ ဝိုင်းရှာကြရင်းတွေ့တာ” Indaw Revolution – IR မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

သတ်ဖြတ်ခံလိုက်ရသည့် ဒေသခံ ၈ ဦးမှာ အသက် ၆၀ အရွယ် ဦးကျော်သန်း၊ ဦးကျော်သန်း၏ သားဖြစ် သူ အသက် ၃၃ နှစ်အရွယ် ဦးဘိုဘိုဝေ ၊ အသက် ၅၀ ကျော် အရွယ် ဦးမင်းနိုင်၊ ဦးကျော်ဌေး ၊ ဦးကျော် ထွန်း၊ အသက် ၃၈ နှစ်အရွယ် ဦးထွန်းနိုင်၊ အသက် ၆၀ အရွယ် ဦးမြင့်ဖေ နှင့် အသက် ၆၈ နှစ် အရွယ် ဦးသာပြူးတို့ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- Indaw Revolution – IR
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့