အင်းတော်တွင် စစ်ကောင်စီတပ်မှ ပဲစိုက်နေသည့် လင်မယားနှစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသားဖြစ်သူ သေဆုံး

Author ခေတ်နီ
Categories
Published on Jan 12, 2023

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်မှုကြောင့် လင်မယားနှစ်ဦး ကျည်ထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူ သေဆုံးခဲ့ကြောင်း အင်းတော်ဒေသခံများထံမှ သိရသည်။

ယနေ့ ဇန်နဝါရီလ ၁၂ရက်နေ့ မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် အင်းတော်မြို့ အနောက်ဖက်ရှိ အင်းပတ်လမ်းတွင် ပဲစိုက်နေသည့် လင်မယားနှစ်ဦးကို ကျည်ထိမှန်ခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ကျည်ထိမှန်ခဲ့တာကြောင့် အသက် ၄၀ အရွယ် အမျိုးသားဖြစ်သူ ကိုနိုင်ဝင်းမှာ ပေါင်တွင် ကျည်ထိမှန်သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ခြေထောက်တွင် ကျည်ထိမှန်ခဲ့ကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

“အင်းပတ်လမ်းက အင်းတော်နဲ့ဆို မြို့ပြင်လောက်ကျမယ် သိပ်မဝေးဘူး ပစ်တာကတော့ သူတို့က မြို့ထဲကနေပစ်တာဗျ အမျိုးသားဖြစ်သူကတော့ ဆုံးသွားတယ် “ဟု အင်းတော်ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသွားသည့် အမျိုးသားဖြစ်သူကိုတော့ စစ်ကောင်စီတပ်များမှ ယနေ့နေ့လယ် ၁ နာရီအချိန်တွင် မိသားစုဝင်များအား ခေါ်ယူကာ အင်းတော်မီးသင်္ဂြိုဟ်စက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #စစ်ကိုင်းတိုင်း #အင်းတော်မြို့