အင်းတော်ကြီးဒေသတွင် မီတာခပေးဆောင်သူမရှိတာကြောင့် လျှပ်စစ်မန်နေဂျာအား စစ်ကောင်စီက စစ်ဆေးဖိအားပေးနေ

Author ကိုပေါက်
Categories
Published on Oct 25, 2022

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတွင် မီတာခများမကောက်နိူင်သည့် လျှပ်စစ်မန်နေဂျာကိုစစ်ကောင်စီက ခေါ်ယူစစ်ဆေးနေသည်ဟု ဝန်ထမ်းအသိုင်းအဝိုင်းက သိရသည်။

အင်းတော်ကြီးဒေသတွင် လျှပ်စစ်မီးသုံးစွဲသူအများစုမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်မှ စတင်ကာ မီတာခများ လာရောက် ပေးဆောင်ခြင်းမရှိဘဲ လျှပ်စစ်မီးကို ဆက်လက်သုံးစွဲနေကြခြင်းကြောင့် စစ်ကောင်စီက တာဝန်ခံအား ခေါ်ယူစစ်ဆေးနေခြင်း ဖြစ်သည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“မီတာခတွေ လာမပေးဘူး လူတစ်ထောင်ရှိရင် တစ်ရာလောက်ပဲလာပေးတော့ စစ်တပ်က ရောက်လာပြီး ဦးစီးကို ခင်ဗျားမြို့နယ်က လူပါးဝတာလား ပိုက်ဆံမဆောင်ဘဲ မီးသုံးတယ်ဆိုတော့ မဟုတ်တော့ဘူးနော်ဆိုပြီး ကြိမ်းသွားတယ်”ဟု ပြောသည်။

မြို့နယ်လျှပ်စစ်မန်နေဂျာအနေဖြင့် ဒေသခံများကို ချော့တစ်ခါ ချောက်တစ်လှည့်ဖြင့် မီတာခများပေးသွင်းရန်
ပြောဆိုစည်းရုံးသော်လည်း မရသည့်အဆုံး မီတာခများ လိုက်လံ မကောက်တော့တာဖြစ်သည်ဟု ဝန်ထမ်းတစ်ဦးက CJ Platform ကိုပြောသည်။

“ဒီဒေသကလူတွေက စစ်တပ်ကိုခေါပြီး လာတောင်းရမလားဆိုပြီး ခြိမ်းခြောက်ပြောလည်းလာမဆောင်ဘူး လျှပ်စစ်က ဒီလိုရှိတယ်ဆိုပြီး အေးဆေးရှင်းပြလည်း လာမဆောင်ဘူး အကုန်စိတ်မာကြတယ်၊ သူ့ကို စစ်တပ်က ဒေသခံတွေကို စည်းရုံးပြီး မီတာခမပေးအောင်လုပ်တယ်ဆိုပြီး စွပ်စွဲနေတာ”ဟု ပြောသည်။

မီတာခများကို အင်းတော်ကြီးဒေသတွင် ပေးမည့်သူမရှိသည့်အပြင် ဝန်ထမ်းများကလည်း လာရောက် ကောက်ခံရဲခြင်း မရှိသည့်အတွက် မပေးဆောင်တာဖြစ်ကြောင်း ဒေသခံတစ်ဦးက CJ Platform ကိုအတည်ပြု ပြောသည်။

“မဆောင်တဲ့သူက များတယ် လာလည်းမကောက်တော့ မပေးတော့ဘူး ဟိုနေ့က ရပ်ရွာလူကြီးကို EPC က ဦးစီးမှူးက သူ့အဖြစ်အပျက်ကို ငိုယိုပြီးပြောပြတယ်တဲ့ လူကြီးတွေ သူ့ကို ဖြုတ်တော့မယ်ပေါ့”ဟု ရှင်းပြသည်။

လက်ရှိအခြေအနေတွင် အင်းတော်ကြီးဒေသအတွင်း မီတာခများကို အောက်တိုဘာလ ၃၀ ရက်နေ့နောက်ဆုံးထား၍ လာရောက်ပေးဆောင်ခြင်းမရှိပါက လျှပ်စစ်ဥပဒေနှင့်အညီ ဓာတ်အားဖြတ်တောက်ခြင်း မီတာဖြုတ်သိမ်းခြင်းများဆောင်ရွက်သွားမည်ဟု ခြိမ်းခြောက်ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့တွင် မီတာခမဆောင်သည့် နေ အိမ်များအား မီးဖြတ်တောက်ခြင်း၊ မီတာပုံးဖြုတ်ခြင်းများကို လုပ်ဆောင်မည်ဟု EPC က ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ရပ်ကွက်၊ကျေးရွာများအတွင်း ဝန်ထမ်းများမလာရဲကြောင်း ဒေသခံတွေဆီက သိရသည်။