အင်းစိန်၊ လှိုင်သာယာတွင် ယမန့်နေ့ညက ပေါက်သည့်ဗုံးများကြောင့် အရပ်သား လေးဦးသေဆုံး
ရန်ကုန်တိုင်း၊ အင်းစိန်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ယမန်နေ့ မတ်လ ၁ ရက် ညပိုင်းက ပေါက်ကွဲသည့် ဗုံးများကြောင့် အရပ်သား လေးဦးသေဆုံးကြောင်း အဆိုပါမြို့ခံများက CJ Platform သို့ ပြောသည်။
မတ်လ ၁ ရက် ည ၇ နာရီခွဲခန့်က လှိုင်သာယာမြို့နယ် ၁ ထိပ်မှတ်တိုင်နှင့် ၁၇ ရပ်ကွက်တို့တွင် ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား နှစ်ဦးသေဆုံးခဲ့ကြောင်း ယင်းနေရာအနီးနေ ပြည်သူများက ဆိုသည်။
“ည ၇ နာရီခွဲလောက်က ၁ ထိပ်မှတ်တိုင်နားမှာ ပေါက်တာ။ စက်ဘီးစီးလာတဲ့အမျိုးသားနှစ်ယောက် ပွဲချင်းပြီးပဲ။ စစ်သားတွေရောက်လာတော့ တစ်လုံးထပ်တွေ့တယ်ပြောတယ်။ အဲဒီတစ်လုံးတော့ မပေါက်သွားဘူး။ သူတို့စစ်နေတဲ့အချိန်ပဲ ထ-၃(ကျောင်း)ဘက်ကနေလည်း တစ်လုံးထပ်ပေါက်တယ်” ဟု ၁ ထိပ်မှတ်တိုင်အနီး နေထိုင်သူတစ်ဦးက ပြောသည်။
ထို့ပြင် ယင်းနေ့ ည ၈ နာရီဝန်းကျင်ကလည်း အင်းစိန်မြို့နယ်၊ စဉ့်ကူနှင့် ကွက်သစ်ရပ်ကွက်တို့တွင် ဗုံးပေါက်ကွဲခဲ့ပြီး နှစ်ဦးသေဆုံးသည့်အပြင် တစ်ဦး ဒဏ်ရာရရှိကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“မနေ့ညကပေါက်တဲ့ဗုံးတွေက ယူလာပြီးဖောက်တဲ့သူတွေသေဆုံးတာလို့ တပ်ကလူတွေက ပြောတယ်။ နှစ်ယောက်သေဆုံးတာ။ ရဲဘက်ကတော့ စစ်နေတုန်းပဲ။ (ည)၈ နာရီလောက်က ဖြစ်တာ။ ဖြစ်ဖြစ်ပြီးချင်း လိုက်စစ်တာတွေ လုပ်တယ်” ဟု ၎င်းက ပြောသည်။
ယခုရက်ပိုင်းများတွင် ရန်ကုန်က မြို့နယ်များတွင် ညပိုင်းများ၌ နေ့စဉ်ကဲ့သို့ ဗုံးပေါက်ကွဲမှုများဖြစ်ပေါ်နေသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပြုလုပ်ပါက ထုတ်ပြန်ချက်များ ထုတ်ပြန်လေ့ရှိသည်။ သို့သော် ယမန်နေ့ည ပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်တော်လှန်ရေးအဖွဲ့ကမျှ ထုတ်ပြန်လာသည်ကို ယနေ့ နေ့လယ်ပိုင်းအထိ မတွေ့ရသေးပေ။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က ဒဂုံမြို့နယ်က My tel ရုံးချုပ်ကို မြို့ပြပျောက်ကြားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ဂိတ်စောင့်စစ်သားနှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ပြောကြားခဲ့သကဲ့သို့ မတ်လ ၁ ရက် နံနက် ၂ နာရီခွဲခန့်က ကြည့်မြင်တိုင်မြို့နယ် ဗားကရာဆိပ်ကမ်းအနီးရှိ လေယာဉ်ဆီတင်သင်္ဘောကိုလည်း ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖောက်ခွဲဖျက်ဆီးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။