အင်းစိန်အကျဉ်းထောင်၌ လုံခြုံရေးအရ ကန့်သတ်ချက်များနှင့်အညီ ထောင်၀င်စာပါဆယ်ပို့မှုကို ပြန်လည်ခွင့်ပြု

Author ကိုပေါက်
Categories
Published on Oct 31, 2022

အင်းစိန်ဗဟိုအကျဉ်းထောင် ပေါက်ကွဲမှု ဖြစ်ပေါ်အပြီး တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် ထောင်ဝင်စာပါဆယ်ပို့မှု ပိတ်ထားခဲ့ရာမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ထောင်၀င်စာပါဆယ်ပို့ခွင့်ကို ပြန်လည် ခွင့်ပြုလိုက်သည်ဟု အကျဉ်းဦးစီးနှင့် နီးစပ်သူတွေဆီက သိရသည်။

ထောင်၀င်စာ ပြန်လည်ခွင့်ပြုသော်လည်း လုံခြုံရေးအရ ကန့်သတ်ချက်များနှင့်အညီ ပို့ဆောင်ပေးရခြင်းဖြစ်သည်ဟု အကျဉ်းသားတစ်ဦး၏ မိသားစု၀င်တစ်ဦးက CJ Platform သို့ပြောသည်။

“ထောင်၀င်စာ ပို့လို့ရပေမယ့် အချုပ်နဲ့ အကျမတူဘူး။ အချုပ်ကျနေတဲ့သူတွေက ကြာသာပတေးကနေ စနေပြန်ပို့ခွင့်ရပေမဲ့ အရင်လိုမဟုတ်ဘူး။ ကန့်သတ်ချက်နဲ့ပို့ရတာ ပိုက်ဆံကိုနှစ်သိန်း၊ အသားဆို အစိတ်သား၊ အသီးအနှံဆို ငါးလုံး၊ အခြား အရာတွေလဲ ကန့်သတ်ထားတာပဲ” ဟု ပြောသည်။

ထောင်၀င်စာ ပို့ရာတွင် မိသားစု၀င်တစ်ဦးသာ ၀င်ခွင့်ပြုပြီး နံနက် ၇နာရီခွဲမှ နေ့လည် ၂နာရီ အတွင်း လိုအပ်သည့် စာရွက်စာတမ်းများယူကာ သွားရောက်ပို့ဆောင်ရတာဖြစ်သည်ဟု အချုပ်ကျနေသည် မိခင်တစ်ဦးက CJ Platform သို့ပြောကြားသည်။

“မှတ်ပုံတင်၊ သန်းခေါင်စာရင်း ဒါမှ မဟုတ် ရပ်ကွက်ထောက်ခံစာပေါ့၊ အရင်ကလို ကိုယ်စားလှယ် ပို့ခွင့်မရတော့ဘူး။ ကန့်သတ်ချက်တွေရှိတယ်။ ထောင်၀င်စာလည်း အကန့်အသတ်နဲ့ပို့ရတာ” ဟု ပြောသည်။

အကျဉ်း ဦးစီးဌာနတွင် လိုအပ်သည်များ စစ်ဆေးမှုများခံယူပြီးပါက ပါဆယ်ထုပ်များကို ထောင်၀န်ထမ်းရှေ့မှောက်၌ ကာယကံရှင်ကိုယ်တိုင် ဖွင့်ဖောက်ဖော်ပြရတာဖြစ်သည်ဟု ထောင်၀င်စာပို့သူတွေဆီက သိရသည်။

အင်းစိန်အကျဉ်းထောင်တွင် အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ရာ အကျဉ်းဦးစီးမှ ၀န်ထမ်း အချို့နှင့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစု၀င်များအပါအ၀င် ၈ ဦးသေဆုံးခဲ့ပြီး၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့သည်။

အင်းစိန်အကျဉ်းထောင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဖက်ဆစ် စစ်တပ်သည် အကျဉ်းထောင်အသီးသီးရှိ ထောင်စာပို့ခွင့်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်မှ စတင်ကာ ကန့်သတ်ချက်ဖြင့် ပြန်လည်ပေးပို့ခွင့်ပြုခဲသည်ဟု သိရသည်။
#အင်းစိန်အကျဉ်းထောင် #ထောင်ဝင်စာ #နိုင်ငံရေးအကျဉ်းသား