အင်းစိန်အကျဉ်းထောင်က နိုင်/ကျဉ်းများ ထောင်ဝင်စာ အပြည့်အဝမရ

Author ကိုထက်
Categories
Published on Jan 30, 2024

နိုင်ငံရေးကြောင့် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်အတွင်းအကျဉ်းကျနေသော နိုင်ငံ‌ရေးကျဉ်းသားအချို့သည် ထောင်ဝင်စာအပြည့်အဝမရဖြစ်နေကြောင်း အကျဉ်းသားများ၏ မိသားစုဝင်များထံမှ သိရသည်။

 

မိသားစုဝင်များက ပေးပို့သည့် အစားအသောက်အပါအဝင် တစ်ကိုယ်ရည်သုံးပစ္စည်းများသည် ကာယကံရှင်နိုင်/ကျဉ်းများထံ မရောက်ရှိဘဲ ထောင်ဝန်ထမ်းများက ကြားဖြတ်ရယူနေကြကြောင်း ၎င်းတို့က ဆိုသည်။

 

“သူတို့(အကျဉ်းထောင်ဝန်ထမ်း)တွေက ပိုက်ဆံတွေ၊ စားစရာတွေကို အကျဉ်းကျနေသူတွေက တောင်းတယ်ဆိုပြီး မိသားစုဝင်တွေဆီကနေ ယူပေးရတာတွေလုပ်ပြီး၊ တကယ်တမ်းကာယကံရှင်တွေနဲ့ ကျွန်မတို့တွေ့ရတဲ့အခါ သူတို့ ဘာမှမရကြဘူးလို့ ပြောကြတယ်။ ကြားထဲက သူတို့ကဖြတ်ယူနေတဲ့သဘောပဲပေါ့” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်က ပြောသည်။

 

ထို့ပြင် ကျန်းမာရေးမကောင်းသည့် အကျဉ်းသားများသည်လည်း လိုအပ်သည့်ဆေးကုသခွင့်၊ ဆေးဝါးများအပြည့်အဝမရ၍ အသက်ဆုံးရှုံးရသည်အထိ ကြုံတွေနေရသည်ဟု သိရသည်။

 

“အထဲမှာက နာတာရှည်ရောဂါသမားတွေလည်း ရှိနေတယ်လေ။ ရောဂါဖြစ်လာရင် ဆေးဝါးတွေက သူတို့ပေးတာတွေနဲ့က အဆင်မပြေကြဘူး။ ဟိုတလောကလည်း အစာအိမ်ရောဂါနဲ့ အဲ့အထဲမှာပဲ အသက်ဆုံးသွားတဲ့အထိဖြစ်သွားသေးတယ်” ဟု အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ‌ပြောသည်။

 

တစ်လအတွင်း ထောင်တွင်းဆေးဝါးအပြည့်အစုံမရ၍ နိုင်ငံရေးအကျဉ်းသား လေးဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(AAPP)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

စစ်အာဏာသိမ်းပြီးသည့်နောက် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေးအကျဉ်းသားများမှာ အခွင့်ရေးချိုးဖောက်ခံရမှု များပြားလာနေသည်ဟု နိုင်/ကျဉ်းမိသားစုဝင်များထံမှ သိရသည်။