အင်းစိန်မြို့နယ် အောင်ဇေယျတံတားပေါ်၌ ခိုးဆိုးလုနှိုက်များ ပေါများနေ

Author မေ
Categories
Published on Nov 16, 2022

 

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အောင်ဇေယျတံတားပေါ်၌ ခိုးဆိုးလုနှိုက်သူများ ပေါများနေကြောင်း ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။

အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့သို့ ဆက်သွယ်ထားသော အောင်ဇေယျကြိုးတံတားပေါ်နှင့် ၎င်းတံတား အနီးတဝိုက်၌ စက်ဘီးဆိုင်ကယ်များအား လုယက်သူများ၊ ဓါးထောက်၍ လုယက်သူများ၊ ခြိမ်းခြောက်၍ ငွေလုသူများ အပါအဝင် ခိုးဆိုးလုနှိုက်များ ပေါများနေခြင်း ဖြစ်သည်။

နိုဝင်ဘာ ၁၅ရက် ညပိုင်းက အဆိုပါ တံတားပေါ်၌ လမ်းလျှောက်လာသည့် ညီအကိုနှစ်ဦးအား တံတားတစ်ဖက်စီ၌ ဓါးကိုင်၍ လုယက်သူများက စောင့်ဆိုင်း၍ လုယက်မှု ဖြစ်ပွားခဲ့သည်။

” တံတားပေါ်က လူမိုက်ဆန်ဆန် လုယက်မှုပါ။ ပေါက်တောဝမှာ ကိစ္စရှိလို့ဆင်းရင်း တံတားပေါ် လမ်းလျှောက်မယ်ဆိုပြီး ညီကို၂ယောက် လမ်းလျှောက်လာတာ တံတားတိုင်အကွေ့နားရောက်တော့

လူတစ်ယောက်က ထိုင်နေတယ်။ ဟိုဘက်အကွေ့ကို ရောက်တော့ လူတစ်ယောက်က ဓားထုတ်ပြီးထွက်လာတယ်။ သိလိုက်ပါပြီ ။ လုတော့မယ်ဆိုတာ။ ထွက်ပြေးဖို့ပြင်တော့ ပြေးလေ ဟိုဘက်မှာ တစ်ယောက်ရှိတယ်တဲ့ ညီလေးကိုပြေးခိုင်းပြီး ကိုက နပန်းဝင်လုံးပါတယ်။ ကံကောင်းတာကအပြန်လှန်ပဲထိုးနေတာပါ။ သူက ဓားနဲ့မထိုးသေးပါဘူး။ ညီလေးက တံတားပေါ်ကလူတွေကို အော်ဟစ်အကူညီတောင်းပါတယ်။ ဘယ်သူမှ မကူညီကြပါဘူး။ “ဟု လုယက်ခံရသူ ကိုစည်သူက ပြောပြသည်။

ထို့နောက် ၎င်းတို့နှစ်ဦးမှာ အင်းစိန်မြို့နယ်ဘက်သို့ ပြန်ပြေးကာ YBS ယာဉ်တစ်စီးပေါ်သို့ တက်ပြေးခဲ့၍ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၅ရက် ညပိုင်းကလည်း အဆိုပါ တံတားပေါ်၌ပင် အလုပ်က ပြန်လာသည့် အမျိုးသားသုံးဦးအား ရိုက်နှက်လုယက်မှု တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။ အဆိုပါ တံတားမှာ ကားလမ်းနှင့် လူသွားလည်း သပ်သပ်စီ ဖြစ်နေသည့်အတွက် တံတားပေါ်၌ လုယက်ခံရပါက အကူအညီတောင်းခံနိုင်ရန်လည်း ခက်ခဲကြောင်းလည်း ဒေသခံများက ပြောကြားသည်။

အောင်ဇေယျတံတားပေါ်၌ ဖုန်း၊ ပိုက်ဆံနှင့် စက်ဘီးဆိုင်ကယ်များကို ဓါးထောက်လုယက် ခံရသူ များစွာရှိနေကာ ညပိုင်းအချိန်များသာမက နေ့လည်ပိုင်း လူမြင်ကွင်း အချိန်၌ပင် လုယက်မှုများ ရှိနေသည်အထိ ဆိုးရွားနေကြောင်းလည်း သိရသည်။

” ကူညီချင်ပေမဲ့ အသက်က အပိုမပါဘူး။ ခုဆို ဓါးတင်မကဘူး လက်နက်ပေါင်းစုံကို ကြောက်နေရတယ်။ အုပ်စုလိုက် ကူညီနိုင်ရင်တော့ မဆိုးဘူးပေါ့။ အခုက ကူညီသူပါ ပြန်လုပ်ခံရတာတွေများတော့ မကူညီရဲကြဘူး။ ဘာလုပ်ရမှန်း မသိ ကြောက်စရာခေတ်ကြီးပါ” ဟု အင်းစိန်မြို့နယ်၌ နေထိုင်သော မနှင်းနှင်း (အမည်လွှဲ)က ပြောသည်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း ခိုးဆိုးလုနှိုက်မှုများ ပေါများပြီး ပြစ်မှုကျုးလွန်သူများအား ဖမ်းဆီးရမိမှု မရှိသလောက် နည်းပါးသည်။ ရန်ကုန်မြို့၌ပင် လှည်းတန်းလမ်းဆုံ၊ မြေနီကုန်း၊ ဒေါပုံဂျပန်တံတားအဆင်းအနီး၊ လမ်းမတော် မော်တင်တံတား အနီးနှင့် YBS ယာဉ်များပေါ်၌ အပါအဝင် နေရာအများစု၌ ခိုးဆိုးလုနှိုက်များ ပေါများနေကြောင်း သိရသည်။

ဓာတ်ပုံ- Google

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်မြို့ #အောင်ဇေယျတံတား #ခိုးဆိုးလုနှိုက်