အင်းစိန်ထောင်အရှေ့ဗုံးပေါက်ကွဲမှု၎င်းတို့လက်ချက်ဟု Special Task Agency of Burma အဖွဲ့ဝန်ခံ

Author ခေတ်နီ
Categories
Published on Oct 19, 2022

ရန်ကုန်မြို့ အင်းစိန်ထောင်အရှေ့၌ ဖြစ်ပွားခဲ့သည့်ပေါက်ကွဲမှုများသည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း Special Task Agency of Burmaအဖွဲ့က ယနေ့ ညနေ ၄နာရီတွင် ထုတ်ပြန်ဝန်ခံထားသည်။

ယနေ့မနက် ၉ နာရီခွဲဝန်းကျင်ခန့်မှာလှိုင်မြစ်လမ်းပေါ်ရှိ အင်းစိန်ထောင်ဝင်ပေါက်အနီးရှိထောင်ဝင်စာပို့သည့်နေရာ၌ ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။

ထိုပေါက်ကွဲမှုများသည် ၎င်းတို့အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး အင်းစိန်ထောင်ထောင်မှူးကို ရည်ရွယ်ဖောက်ခွဲခဲ့တာလို့Special Task Agency of Burmaအဖွဲ့ကဆိုထားသည်။

အဆိုပါပေါက်ကွဲမှုများအတွင်းမှာ အကျဥ်းဦးစီးမှဝန်ထမ်း ၃ဦးနှင့်နိုင်ငံရေးအကျဥ်းသားတချို့၏မိသားစုဝင်များအပါအဝင် စုစုပေါင်း၈ဦးထိသေဆုံးခဲ့ကာ ၁၈ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ယင်းဖောက်ခွဲမှုသည် ပစ်မှတ်ဦးတည်ချက်မတိကျပဲအရပ်သားသေဆုံးမှုများ ရှိနေခြင်းကြောင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ် ကော်မတီ (GSC)၊စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကော်မတီ (AJMM)၊လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN) နှင့် နိုင်ငံရေးအင်အားစုများမှလဲကန့်ကွက်ထားသည်။

ယင်းအဖွဲ့သည် မည်သည့်နိုင်ငံရေးအဖွဲ့အစည်းများနှင့် ပက်သက်ခြင်းမရှိဘဲ စစ်အာဏာရှင်အား အမြစ်ပြတ်ခြေမှုန်းရန် ဖွဲ့စည်းထားသည့် မြို့ပြစစ်သည်တော်များအဖွဲ့မှ ၎င်းတို့ဘာသာ အမည်တပ်ထားသည်ကို ယင်းအဖွဲ့၏ Bio တွင် ဖော်ပြထားချက်အရ သိရသည်။

ဖောက်ခွဲမှုပြုလုပ်ခဲ့သည့် Special Task Agency of Burmaအဖွဲ့သည် ရန်ကုန်တိုင်းပျံလွှားအောင် စစ်ဆင်ရေးမှာ ပါဝင်သည့် အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီးအခုဖြစ်စဉ်နှင့်ပတ်သတ်ပြီး ရန်ကုန်တိုင်းစစ်ကွပ်ကဲရေးဌာနမှ ညွှန်ကြားခြင်းရှိမရှိကိုတော့ CJ Platform အနေဖြင့်စုံစမ်းနေဆဲဖြစ်သည်။