အင်အားဖြည့်ပြီး ပြန်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနှစ်ခု အတိုက်ခံရပြီး ၄၀ ခန့် သေဆုံး

Author CJ Platform
Categories
Published on Jul 17, 2025

စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကို စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို နေပြည်တော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့မှာ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့တယ်လို့ နေပြည်တော် PDF ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်နဲ့ ပြန်ဝင်ရောက်လာတာဖြစ်ပြီး တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်ခံရတာကြောင့် အရာရှိ ၄ ဦးပါ သေဆုံးခဲ့ရကာ ၂၀ ဦးခန့်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီစစ်ကြောင်းဟာ ယခင်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ရေလွဲကျေးရွာရှိ နေအိမ် ၄၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးနေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေက ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကရင်ချောင်းကျေးရွာကို ပြန်လည်ဆုတ်ခွာသွားခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

စစ်ကောင်စီ စစ်ကြောင်းနဲ့ နေပြည်တော် PDF တို့ နောက်တစ်ကြိမ် ထိတွေ့တိုက်ပွဲဟာ တစ်ရက်တာ ကြာခဲ့ပြီး ၄ နာရီကြာ တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

 

တိုက်ပွဲတွေအခြေအနေ အသေးစိတ်နဲ့ပတ်သက်ပြီး CJ Platform အနေနဲ့ နေပြည်တော် PDF ကို မေးမြန်းထားဆဲ ဖြစ်ပါတယ်။

 

လက်ရှိမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်တောင်းမြစ်အနောက်ခြမ်းကို ပြန်လည် ဆုတ်ခွာသွားပြီဖြစ်ပြီး အထိအခိုက်မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – နေပြည်တော်PDF