အင်မထီးရွာရှိ ပျူများကို ရိက္ခာသွားပို့သည့် စစ်ကြောင်း အတိုက်ခံရပြီး နှစ်ဦးသေ ငါးဦးဒဏ်ရာရ

Author မင်းထက်
Categories
Published on Mar 07, 2024

စစ်ကိုင်းတိုင်း၊ ပုလဲ မြို့နယ်၊ အင်မထီးရွာရှိ ပျူ(ပြည်သူ့စစ်)များကို ရိက္ခာပို့၍ ပြန်ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်များက အလစ်အငိုက်တိုက်ခိုက်ရာ နှစ်ဦးသေဆုံးသွားကြောင်း Southern  YSO PDF တာဝန်ခံခေါင်းဆောင် ကိုအောင်မောင်းက CJ Platform သို့ ပြောသည်။

 

ယမန်နေ့ မတ်လ ၆ ရက်နေ့ နေ့လယ် ၁နာရီခွဲခန့်တွင် တော်လှန်ရေးတပ်ဖွဲ့မှ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ၆၀ မမ များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

“ပြန်လှန်ပစ်ခတ်မှု ၁၀ မိနစ်သာသာ ပတ်၀န်းကျင်လောက်ပါ။ နောက်ဆက်တွဲကြားရတာတော့ ဒီကနေ့ ( မတ်လ ၇ ရက်) သက်ပျောက်ဆွမ်းတွေ သွပ်တာတွေကြားရတယ်” ဟု Southern  YSO PDF တာဝန်ခံခေါင်းဆောင် ကိုအောင်မောင်းက ပြောသည်။

 

တိုက်ခိုက်မှုကြောင့် ပျူ(ပြည်သူ့စစ်)နှစ်ဦး သေဆုံးခဲ့ကြောင်း ၊ စစ်သား ငါးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့​ရာ ထိုဒဏ်ရာရ စစ်သားထဲက သုံးဦးဒဏ်ရာပြင်းထန်ကြောင်း သိရသည်။ တစ်ဖက်တွင်လည်း Southern  YSO PDF က ရဲဘော်တစ်ဦး မစိုးရိမ်ရသော ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါ၀န်ရှိသူထံက သိရသည်။

 

ယင်းတိုက်ခိုက်မှုကို ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်-BNRA နှင့် Southern  YSO PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ဓာတ်ပုံ – Southern  YSO PDF