အင်မထီးပျူရွာ စစ်ဆင်ရေးတွင် စစ်ကောင်စီရှေ့ထွက်မိုင်းကြောင့် PDF ရဲဘော် ၁၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

Author လင်းခိုင်
Categories
Published on Dec 14, 2022

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ၊ အင်မထီးပျူရွာကို စစ်ဆင်ရေးဆောင်ရွက်ရာတွင် စစ်ကောင်စီ၏ ရှေ့ထွက်မိုင်းကြောင့် PDF ရဲဘော် ၁၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Guerilla Ranger တပ်ရင်းတာ၀န်ခံ ကိုနေမင်းက CJ Platform သို့ ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားသည်။

ဒီဇင်ဘာ ၉ ရက် ည ၇ နာရီခန့်တွင် အင်မထီးပျူရွာ သို့ စစ်ဆင်ရေးဆောင်ရွက်ရန် လုပ်ဆောင်စဉ် စစ်ကောင်စီထောင်ထားသည့် ရှေ့ထွက်မိုင်းနှစ်လုံးကြောင့် Guerilla Ranger တပ်ရင်း ၁၂ မှ ရဲဘော် ၆ ဦးနှင့် မြိုင် PDF ရဲဘော် ၇ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကာ၊ အဆိုပါရဲဘော်များအနက် တစ်ဦးသည် အူသုံးဆစ်ဖြတ်ကာ ပြန်ဆက်ထားရကြောင်းလည်း သိရသည်။

“ရဲဘော်တွေ အခုတော့ အသက်အန္တရာယ် အခြေအနေကတော့ လွတ်မြောက်သွားပါပြီ၊ တစ်ယောက်က အစောပိုင်းမှာ အရမ်းစိုးရိမ်ခဲ့ရတယ်။ အခုတော့ သက်သာစပြုလာပြီ၊ သူက အူသုံးဆစ် ဖြတ်ပြန်ဆက်ထားလိုက်ရတယ်။ ပြီးတော့ ဆီးအိတ်ပါထိထားတော့ အခုဆီးချုပ်ဖြစ်နေသေးတယ်” ဟု ကိုနေမင်းက ပြောကြားသည်။

ယင်းစစ်ဆင်ရေးတွင် PDF ရဲဘော်များဘက်မှ အထိအခိုက်များသဖြင့် မစ်ရှင်အား ကောင်းကောင်း မလုပ်ဆောင်နိုင်ပဲ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

အဆိုပါ အင်မထီးပျူရွာသည် စစ်ကောင်စီတပ်၏ အထိုင်စခန်းတစ်ခုဖြစ်သည့် PDF များ၀င်ရောက်နိုင်သည့် လမ်းများကို ရှေ့ထွက်မိုင်းများ ဆင်ထားသည့်အတွက် ယခုကဲ့သို့ ထိခိုက်မှုများဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

“မိုင်းကတော့ သူတို့ဘက်က နေရာအတော်များများထောင်ထားတာရှိတယ်။ အဲ့ရွာမှာ အင်အား ၁၀၀ လောက်ရှိတယ်။ အရပ်သားတွေလည်း စားစရာမရှိတော့ ပျူလုပ်နေကြတာ၊ သူတို့ ဘေးရွာတွေကို ပစ္စည်းသွားလုရင် လိုက်မှ ရတာဆိုတော့ ပျူဖြစ်သွားတဲ့ရွာသားတွေများတယ်” ဟု ကိုနေမင်းကပြောကြားသည်။

အင်မထီးပျူရွာသည် စစ်ကောင်စီ၏ အထိုင်စခန်းတစ်ခုဖြစ်ပြီး၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်များအတွင်းရှိ ကျေးရွာများကို မီးပတ်ရှို့ကာ၊ ပြည်သူပိုင်ပစ္စည်းများကို လုယက်မှုများဆောင်ရွက်နေကြောင်းလည်းသိရသည်။

ဓာတ်ပုံ- Guerilla Ranger
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စစ်ကိုင်းတိုင်း #ပုလဲမြို့ #PDF