အင်ဒိုနီးရှားတွင် ရေကြီး၊ မြေပြိုမှုများကြောင့် (၂၆)ဦးသေဆုံး၊ (၁၁) ဦးပျောက်ဆုံးနေ

Author အဂ္ဂ
Categories
Published on Mar 12, 2024

အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွင် ရက်အတန်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၆ ဦးသေဆုံးကာ ၁၁ ဦးပျောက်ဆုံးနေကြောင်း နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။

 

အင်ဒိုနီးရှားအမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီ(BNPB)၏အဆိုအရ မတ်လ(၇)ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အနောက်ဆူမားတြားပြည်နယ်ရှိ ဧရိယာအများအပြားတွင် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ (၁၀)ရက်နေ့အထိ သေဆုံးသူ(၁၉)ဦးရှိခဲ့ပြီး နေအိမ်အများအပြားလည်း  အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရကာ လူပေါင်း (၈၀,ဝ၀ဝ)ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု BNPB က ဆိုသည်။

 

အနောက်ဆူမတြားပြည်နယ်၏ မြို့တော် ပဒန်း (Padang) မြို့၏ လမ်းများတစ်လျှောက် ရေလွှမ်းမိုးမှုကြောင့် နေအိမ်(၁၀,ဝ၀ဝ)ခန့် ထိခိုက်ပျက်စီးခဲ့ပြီး လူပေါင်း (၃,၇၃၄)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ မတ်လ (၇) ရက်မှ (၉) ရက်အထိ သုံးရက်တာအတွင်း မြို့တော်ဧရိယာအတွင်းရှိ ခရိုင်ခွဲ ရှစ်ခု၏ နေရာ (၃၁) နေရာတွင် ရေနစ်မြုပ်ခဲ့ကြောင်း အာဏာပိုင်များက သတင်းထုတ်ပြန်ထားသည်။ မြေပြိုမှုများမှာ နေရာခြောက်ခုတွင် ဖြစ်ပွားခဲ့သည်ဟုလည်း သိရသည်။

 

ကိန်းဂဏန်း အချက်အလက်များအရ  မတ်လ (၇) ရက်နေ့တွင် ခြောက်နာရီအတွင်း မိုးရေချိန် (၃၀ဝ) မီလီမီတာနီးပါး ရွာသွန်းခဲ့ကြောင်း သိရသည်။ ရေကြီးမြေပြိုမှုများသည် ဆူးမားတြားအနောက်ဘက်ခြမ်းရှိ ပက်ဆီဆာ ဆယ်လ်တန်(Pesisir Selatan) ဒေသကိုလည်း ပြင်းပြင်းထန်ထန်သက်ရောက်ခဲ့သည်။

ယင်းဒေသအတွင်း မတ်လ (၁၀) ရက်နေ့အထိ ရေလွှမ်းမိုးမှုများကြောင့် အိမ်ထောင်စုပေါင်း (၂၅,၇၉၄) စု ထိခိုက်ခဲ့ရပြီး လူပေါင်း (၇၆,၁၇၈) ဦးကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်ဟု BNPB က ထုတ်ပြန်သည်။ ထို့ပြင် ယင်းဒေသအတွင်းရှိ လူ(၁၆) ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟုလည်း ဆိုသည်။

 

အလားတူ ပြင်းထန်သော ရေကြီးမှုနှင့် မြေပြိုမှုများကြောင့် လူ(၂,၉၅၈)ဦး ထိခိုက်ခဲ့ပြီး (၂၀ဝ)ဦးကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည့် ပဒန်း ပါရီရာမန်(Padang Pariaman)ဒေသတွင်လည်း သေဆုံးမှုများရှိကြောင်း သိရသည်။

 

ထို့ပြင် ဆိုလော့ (Solok) မြို့အပါအဝင် ဆိုလော့ဒေသ၊ လင်မာပူလက်ဒေသ(Limapuluh)၊ အဂမ်ဒေသ(Agam)၊ ပါဆာမန်ဒေသ(Pasaman)နှင့် အနောက်ပါဆာမန်ဒေသ(West Pasaman)များတွင်လည်း ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက ကြိုးပမ်းရှာဖွေလျက်ရှိပြီး BNPB ၏ မတ်လ (၁၁) ရက်နေ့ နောက်ဆုံးထုတ်ပြန်ချက်တွင် သေဆုံးသူ (၂၆) ဦးရှိကာ (၁၁) ဦးပျောက်ဆုံးနေကြောင်း အတည်ပြု ဖော်ပြခဲ့သည်။

ထို့ပြင် နေအိမ် (၃၀,ဝ၀ဝ) ကျော်၊ တံတား (၂၆) စင်း၊ သာသနိကအဆောက်အအုံ (၄၅)လုံး၊ စာသင်ကျောင်း (၂၅) ကျောင်း၊ လမ်း (၁၃)လမ်းနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံ(၅)လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

လတ်တလော ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နိုင်ငံ၏ အခြားဒေသများတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သေးသည်။

 

ယခုနှစ် ဖေဖော်ဝါရီ (၂၆) ရက်နေ့ကလည်း အင်ဒိုနီးရှားနိုင်ငံ တောင်ဆူလာဝေစီ(South Sulawesi)ပြည်နယ်တွင် မြေပြိုမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။ ထို့ပြင် ဖေဖော်ဝါရီ (၂၉)ရက်အထိ လေးရက်အတွင်း ၅ ဦး သေဆုံးခဲ့ကြောင်း ယင်းပြည်နယ်အာဏာပိုင်များက ဆိုခဲ့ပြီး ပျောက်ဆုံးနေသူ ကိုးဦးကိုလည်း နောက်ပိုင်းတွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။

 

အလားတူ အရှေ့ နူဆာ တန်ဂါရာပြည်နယ်(East Nusa Tenggara)၊ ဘီလူးဒေသ (Belu)တွင် မတ်လ (၅) ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် ဘီလူးဒေသရှိ အနောက်တာဆီဖတ်တို(West Tasifeto)  ခရိုင်တွင် လူတစ်ဦးသေဆုံးခဲ့သည်။ အဆိုပါရက်များအတွင်း အနောက် ဂေါ်ရွန်တာလိုဒေသ(North Gorontalo)တွင် ရေလွှမ်းမိုးမှုကြောင့် အိမ်ခြေ (၂,ဝ၀ဝ)ကျော် ထိခိုက်ပျက်စီးခဲ့ရသေးသည်။