အခွန်ဆောင်ထောက်ခံချက်ပြနိုင်မှသာ Passport သက်တမ်းတိုးပေးမည်ဟု စစ်ကောင်စီထုတ်ပြန်၊ နိုင်ငံခြားငွေရရန် လမ်းကြောင်းရှာခြင်းဟု အလုပ်သမားအရေးလှုပ်ရှားသူများဆို

Author ခေတ်နီ
Categories
Published on Oct 20, 2023

ပြည်ပရောက် အလုပ်သမားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်(Passport) သက်တမ်းတိုးလိုပါက အခွန်ဆောင်ထားကြောင်း ထောက်ခံချက်ပါမှသာလျှင် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၆ ရက်မှစတင်ကာ စစ်ကောင်စီ၏ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများတွင် Passport for Job(PJ)နှင့် Passport for Seaman(PS)ကိုင်ဆောင်သူများအနေဖြင့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပါမှသာ သက်တမ်းတိုးမှုကိုလုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားကြသည်။

ထိုသို့ စစ်ကောင်စီဘက်မှလုပ်ဆောင်မှုသည် ၎င်းတို့၏နိုင်ငံခြားငွေရရှိရန်လုပ်ဆောင်ခြင်းဖြစ်ပြီး ပြည်ပရောက်အလုပ်သမားများအနေဖြင့် သက်တမ်းတိုးရာတွင်အခက်အခဲများရှိလာနိုင်ကြောင်း မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM) တွဲဖက်အတွင်းရေးမှူး မအိက ဆိုသည်။

“ထောက်ခံချက်ပြရမှာက အခုမှ အသစ်လုပ်မယ့် လူတွေတော့ မပါဘူး။ များသောအားဖြင့်က လက်ရှိမှာ အခွန်မဆောင်ထားကြဘူးလေ။ သက်တမ်းတိုးဖို့ အခက်အခဲတွေဖြစ်ကြမှာ။ နိုင်ငံခြားဝင်ငွေရဖို့ လမ်းကြောင်းရှာနေတယ်လို့ယူဆရပါတယ် ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် နိုင်ငံခြားသင်္ဘောလိုက်နေသူတစ်ဦးကလည်း အခွန် ၂ ရာခိုင်နှုန်း ဆောင်ရမည်ဟု ကြားသိထားရပြီး မဆောင်ပါက သင်္ဘောပြန်မလိုက်‌နိုင်တော့ကြောင်း ပြောသည်။

” အခွန်ဆောင်ပြီးရင် ပြေစာပေးတယ်။ အဲဒီပြေစာနဲ့ Passport သက်တမ်းတိုးတာလုပ်ရတယ်။ ပြီးရင် လေယာဉ်လက်မှတ်ဝယ်ထားပြီးလည်း အဲဒီပြေစာမပြနိုင်ရင် ပြည်ပထွက်ခွင့်မရှိဘူး။ ဓားပြတိုက်တာထက်တောင် ဆိုးနေတယ်။ သူတို့(စစ်ကောင်စီ)ကို အလွတ်ကြီးပေးရမှာ နှမြောစရာကြီး” ဟု လူငယ်တစ်ဦးဖြစ်သည့် ၎င်းက ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် ၎င်းတို့လိုအပ်နေသည့်နိုင်ငံခြားငွေအားရရှိရန် ရွှေ့ပြောင်းလုပ်သားများရရှိသည့် လစာ၏ ၂၅ ရာခိုင်နှုန်းကို လစဥ်(သို့)သုံးလတစ်ကြိမ် ၎င်းတို့သတ်မှတ်သည့် ငွေလွှဲဝင်ဆောင်မှုမှတစ်ဆင့်လွှဲကြရန် အလုပ်အကိုင်အကျိုးဆောင်အေဂျင်စီများထံ စစ်ကောင်စီမှ ပြီးခဲ့သည့်သြဂုတ်လ ၃၀ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။