အခွန်ငွေတွေကို အချိုးကျခွဲဝေအသုံးပြုမှုထက် စစ်ရေးမှာ ပူးပေါင်းသုံးစွဲနိုင်ရေး ညှိနှိုင်းနေတယ်လို့ IEC ပြော

Author CJ Platform
Categories
Published on Oct 02, 2025

ကရင်နီပြည်အတွင်း ကောက်ခံရရှိတဲ့ အခွန်ငွေထဲက စစ်ရေးအတွက်ဘက်ဂျတ်ကို ခွဲဝေမှုမပြုဘဲ အဖွဲ့အားလုံး စုစည်းအသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC  ထံက သိရပါတယ်။

 

ကောက်ခံရရှိတဲ့ ဝင်ငွေတွေကို တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း ခွဲဝေအသုံးပြုနေကြပြီး ကာကွယ်ရေးပိုင်းဆိုင်ရာမှာ ပိုမို အသုံးပြုနိုင်ရေးအတွက် ခွဲဝေခြင်းမပြုဘဲ တစုတစည်းတည်း အသုံးပြုနိုင်ရေး ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ IEC အထွေထွေအတွင်းရေးမှူးက ခူးပလုရယ်ကဆိုပါတယ်။

 

“ခွဲဝေတဲ့နေရာမှာလည်း အားလုံးရဲ့ ဆုံးဖြတ်ချက်အရဆိုရင်တော့ သူတို့ရဲ့ ကာကွယ်ရေးပိုင်းဆိုင်ရာပဲ ပိုအသုံးပြုဖို့ဆိုတဲ့ ကိစ္စတွေလည်း ရှိပါတယ်။ ပိုပြီးတော့မှ တစ်စုတစ်စည်းနဲ့ သုံးနိုင်အောင်ဆိုတဲ့အခါမှာ ညှိနှိုင်းဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်”လို့ သူက ပြောပါတယ်။

 

ကရင်နီပြည်အတွင်း လစဉ်အခွန်ဘဏ္ဍာငွေကောက်ခံရရှိမှုဟာ ကျပ်သိန်းပေါင်း ၇သောင်းကျော်ရှိပြီ ကျပ်သိန်း ၄သောင်းကျော်ကို စစ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာမှာ အသုံးပြုနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၈ ရက်မှာ ပြုလုပ်ခဲ့တဲ့ ဒီးကူးပွဲတော်အခမ်းအနားမှာပြောကြားခဲ့ပါတယ်။

 

ကောက်ခံရရှိတဲ့ အခွန်ဘဏ္ဍာငွေတွေကို ကရင်နီတပ်မတော် (KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နဲ့ KNDF တို့က အဖွဲ့အစည်းတွေအတွက် အချိုးကျခွဲဝေပေးထားတယ်လို့လည်း သူကဆိုပါတယ်။

 

“အဲဒီငွေတွေကို တစုတစည်းတည်း အသုံးမပြုဘဲနဲ့ KA က ဘယ်လောက် Percent ၊ ကလလတက ဘယ်လောက် Percent ၊ KNDF က ဘယ်လောက် Percent ဆိုပြီး ခွဲဝေပြီးတော့ ကိုယ့်ရဲ့တပ်ဖွဲ့အရေးကို အသုံးပြုလိုက်တဲ့အခါမှာ ငွေတွေက ခေါင်းကွဲပြီးတော့မှ ဘယ်တပ်ရင်းမှ မသိမ်းနိုင်ဘဲ ဖြစ်နေရပါတယ်”လို့  KNDF ဒုတိယစစ်ဦးစီးချုပ် ကိုမာဝီက ဒီးကူးပွဲတော်မှာ ပြောပါတယ်။

 

ကရင်နီပြည်အတွင်း ကောက်ခံရရှိတဲ့ အခွန်ငွေထဲက ၈၆ ရာခိုင်နှုန်းကို စစ်ရေးနဲ့ ကာကွယ်ရေးဘက်မှာ အသုံးပြုနေပြီး ကျန်တဲ့ ၁၄ ရာခိုင်နှုန်းကိုတော့ ကရင်နီလူသားချင်းစာနာထောက်ထားရေး အရေးပေါ်အကူအညီ၊ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းတံတားတွေမှာ အသုံးပြုနေတယ်လို့လည်း IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က အတည်ပြုပြောပါတယ်။

 

ကရင်နီပြည်အတွင်း လက်ရှိစစ်ရေးအခြေအနေဟာ ၂၀၂၃ နိုဝင်ဘာလမတိုင်ခင် ကာလကို ပြန်လည်ရောက်ရှိနေပြီး စစ်အာဏာရှင်ကို အပြီးတိုင်တွန်းလှန်နိုင်ဖို့အတွက် ကရင်နီပြည်အတွင်း အဖွဲ့အစည်းအားလုံးနဲ့ ပြည်သူအားလုံး စည်းလုံးညီညွတ်ဖို့ လိုအပ်ပြီး ဒေသတွင်းမှာရှိတဲ့ ရင်းမြစ်အားလုံးကို ပုံအောအသုံးပြုရမယ်လို့လည်း ကိုမာဝီက ပြောဆိုထားပါသေးတယ်။