“အချစ်သီချင်းနဲ့ လှုပ်နိုးလိုက်တဲ့ ရန်ကုန် ည”
ရန်ကုန်မြို့၏ စားသောက်ဆိုင်တစ်ခုတွင် လူငယ်များ လူလတ်ပိုင်းများဖြင့် စည်ကားနေလျှက်ရှိသည်။ ထိုနေ့သည့် သီတင်းကျွတ်လပြည့်နေ့လည်း ဖြစ်သည်။
သီတင်းကျွတ်ပြီ ဆိုင်လေးဘာလေး သွားထိုင်ရအောင်ဟု သူငယ်များခေါ်ဆောင်မှုကြောင့် ယင်းဆိုင်ငယ်လေးကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။ အိမ်မပြန်နိုင်သူတွေအတွက် လိပ်ပြာလုံရဲ့လားလို့ အမေးခံရမည်ကိုလည်း ကျွန်ုပ် တွန့်ဆုတ်နေသည်။ သို့သော် ကိုဗစ်ကာလ အချိန်မှ စတင်ကာ မသွားဖြစ်ခဲ့သည့် နေရာတစ်ခုဖြစ်သဖြင့် တစ်ကြိမ်တည်းပါလို့ စိတ်တွင်း ရွတ်ဆိုလိုက်သည်။
ဆိုင်တွင် Unplugged တီးဝိုင်းဖြင့် ဖျော်ဖြေနေသည်။ယင်းဆိုင်၏ နာမည်ကြီးမီနူးမှာ ဆိတ်လက်ဖက်ဖြစ်သည်ဟုဆိုကာ သူငယ်ချင်းဖြစ်သူက မှာယူသည်။ မသောက်ဖြစ်တာကြာဖြစ်သည့် ဘီယာအေးအေးလေးခွက်ကို ကျွန်ုပ်ကတော့ အရင်ဆုံးမျှော်လင့်သည်။
သီတင်းကျွတ် လပြည့်ညဖြစ်သည့် အားလျော်စွာ ဆိုင်အတွင်း အတန့်သင့်မက စည်ကားနေသည်။ ကျွန်ုပ်တို့ အားလုံးသည် ဆေးလိပ်ကြိုက်ကြသူများဖြစ်သဖြင့် ဆိုင်အပြင် အမြင့်တစ်နေရာတွင် နေရာယူထားသည် ဒါမှ Unplugged တီးဝိုင်းကိုလည်း မြင်ရမည် သီချင်းသံအေးအေးများကို ခံစားရမည် သူငယ် ချင်းများလည်း စကားအေးဆေးပြောနိုင်မည်။
Unplugged တီးဝိုင်းရှေ့ ခုံဝိုင်း သုံးနေရာတွင် လူငယ်များဖြင့် ပြည့်နေခဲ့သည် သူတို့ အတော်ကို မူးနေကြပြီဟုထင်သည် ထို့ကြောင့် အသံများ ခပ်ဆူဆူ။ ထို့အပြင် Vaping များ Podများ ကိုယ်စီပါကြသည် ထင် မီးခိုးငွေ့များ တွေ့ရသည်။
လူငယ်အကြိုက် သီချင်းလေးများအပြင် ကျွန်တော်တို့ အသက်အရွယ်အကြိုက် သီချင်းလေးများဖြင့် အတော်ကို နားထောင်ကောင်းသည့် သီဆိုဖျော်ဖြေမှုများပြင်ဖြစ်သည်။ ကျွန်ုပ်တို့လည်း အတော်ကို မူးသင့်သလောက် မူးလာနေပြီဖြစ်သည်။
ထိုအချိန်တွင်..
Unplugged တီးဝိုင်းမှ ဖျော်ခဲ့သည့် သီချင်းသည် တစ်ဆိုင်လုံးရဲ့ အသံများကို တိတ်ဆိတ်သွားစေသည်။
ထိုသီချင်းကို ကျွန်ုပ်တို့လည်း ကြိုက်ခဲ့သည် မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊ ကောင်းမြတ်နှင့် ကိုဇေယျာသော်တို့ သီဆိုထားသည့် “အချစ်သီချင်း” ဆိုသည့် သီချင်းဖြစ်သည်။
ထူးခြားစွာ တစ်ဆိုင်လုံး လက်ခုပ်မတီးကြ ငြိမ်ငြိမ်သက်သက်နှင့် နားထောင်နေကြသည်။ တစ်စုံတစ်ခုကို စီးမျောနေသလို။ ကျွန်ုပ်တို့ ထိုင်နေသည့် ဆိုင်အတွင်းကို အင်အားကြီးမားသည့် စွမ်းအင်တစ်ခုခု ဝင်ရောက်လာသလို ကျွန်ုပ်ကိုယ်တိုင်ပင် အမျိုးအမည်မသိ ခံစားမှုကို ခံစားလိုက်ရသည်။
“လူတွေ လွမ်းဆွေး တွေး ငေး ပြေး ဟိုအဝေး.. ဒါပေမယ့်လဲ အချစ်နဲ့ကင်း ကိုယ်မကင်းနိုင်တော့လဲ စိတ်တွေလေး.. ပူပန်သောက ပူလောင်ဒေါသ မောရတဲ့နေ့တွေဆိုတာ အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့ သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ”…. ဆိုသည့် သီချင်း သံစဉ်နေရာတွင် လူငယ်အချို့ တီးတိုးလိုက်ဆိုနေသည်ကို တွေ့ရသည်။
Unplugged တီးဝိုင်းရှေ့ ဝိုင်းသုံးဝိုင်းမှာ ကောင်လေးတစ်ယောက် သူ့ရှေ့ရှိ စားပွဲခုံကို လက်သီးဖြင့် ဒုံးကနဲထုချလိုက်သည် ဘေးရှိ သူငယ်ချင်း နှစ်ယောက်က တားသည်။ ထိုဝိုင်းမှာပဲ အတူထိုင်နေတဲ့ ကောင်မလေးတစ်ယောက် ငိုချလိုက်သည်ကို တွေ့ရသည် ဘေးမှ သူငယ်ချင်းမမှ သတိပေးသည်ကို တွေ့ရသည်။
ဝိုင်းတစ်ခုက ကောင်မလေးနှစ်ယောက် နှင်းဆီပန်းတစ်ယောက် တစ်ပွင့်ကိုင်ကာ တီးဝိုင်းမှာရှိသည့် သူအချို့ကို သွားပေးသည်ကို တွေ့ရသည်။ မျက်နှာများတွင်တော့ ပြုံးမနေသည်မှာ သေချာသည်။
သီချင်းအဆုံးမှာ တစ်ဆိုင်လုံးနီးပါး လက်ခုပ်သံများဖြင့်….။
ခဏနာ ငြိမ်သက်သွားပြီးနောက် လင်းခေးမြို့အဝင် သီချင်းလေးဖြင့် Unplugged တီးဝိုင်းက ပြန်လည် ထိန်းလိုက်သည် ဆိုင်အတွင်းရှိ လူငယ်အများစု ကနဦးကဲ့သို့ လိုက်ပါစီးမျောမှု မပြင်းထန်းခဲ့တော့။
“အချစ်သီချင်း”သည် ဂန္တာဝင် သီချင်းမဟုတ်ခဲ့။ သို့သော် ထိုသီချင်းကို ပါဝင်သီဆိုခဲ့သူသည် နွေဦးတော်လှန်ရေး၏ သူရဲကောင်းတစ်ဦးဖြစ်ခဲ့သည်။ သူသည် ကိုဇေယျာသော်ဖြစ်သည် Hip Hop အဆိုတော် ဘဝမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ် လာခဲ့ပြီး နွေဦးတော်လှန်ရေးတွင် ရန်ကုန်တပ်ဦးကို ဦးဆောင်ခဲ့သူဖြစ်သည်။သူ့ကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးကာ ထောင်တွင်းလူသတ်မှုကို ကျူးလွန်ခဲ့သည်။
ရန်ကုန်မြေသွေးအေးသွားသလားဆိုသည်ကို မျက်မြင်တွေ့ရခြင်းဖြစ်သည်။ လူငယ်အချို့ ပျော်ချင်သည် သို့သော် ရင်တွင်း၌ ဘာရှိနေသည်ကို မြင်အံ့နည်း။