“အခုအဖမ်းခံထားရတဲ့လူပေါင်း ၁၀၀ ရှိတာမို့ စိမ်ပြနေပြေကို စစ်ပြီးသူတို့ ဖော်သမျှ တစ်ရွာလုံးလိုက်ပတ်ပြီး တစ်အိမ်ချင်းကို မီတင်ရှို့မယ့်ပုံပေါ်တယ်”…I

Author ခေတ်နီ
Categories
Published on Oct 05, 2022

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေး-ကြေးမုံကျေးရွာကိုစစ်ကောင်စီတပ်များက ဝင်ရောက်ပြီး ကျေးရွာနေပြည်သူများကို ဖမ်းဆီးကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတချို့ထံမှ သိရသည်။

မုံရွေး-ကြေးမုံကျေးရွာကို အောက်တိုဘာလ (၄) ရက်နေ့ နံနက် ၉ခွဲနာရီ အချိန်မှစတင်ပြီး စစ်ကောင်စီတပ်က အင်အား ၈၀ခန့်ဖြင့် ဝင်ရောက် စီးနင်းကာ ကျေးရွာနေပြည်သူ ၁၀၀ ထက်မနည်းကို ဘုန်းကြီးကျောင်းများအတွင်းမှာ ဖမ်းဆီးထားကြောင်း သိရသည်။

ထို့အပြင် အဆိုပါ စစ်ကောင်စီတပ်သည် ယင်းနေ့မှာပဲ မုံရွေးကျေးရွာမှ နေအိမ်(၁) လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီးယနေ့ အောက်တိုဘာလ (၅) ရက်နေ့ နံနက်၁၀ နာရီ ဝန်းကျင်အချိန်ခန့်မှစတင်ပြီး မုံရွေးကျေးရွာမှ နေအိမ်များကို စတင်မီးရှို့ဖျက်ဆီးနေလျှက်ရှိကာ အနည်းဆုံး နေအိမ် (၇) လုံးခန့်ရှိနေပြီလို့လဲ မုံရွာသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

“ကျွန်မတို့အိမ်အပါအဝင် ၅ အိမ်လောက်ရှိပြီ အရှို့ခံရတာ ပြောတယ် တချို့ဆို လုပ်ငန်းတွေပါ အကုန်ကို အရှို့ခံရတယ် မိသားစုလိုက် အဖမ်းခံရတယ်သူတို့ သံသယရှိတဲ့သူတွေကို မုံရွာကို စစ်ကြောရေးလုပ်ဖို့တန်းခေါ်တယ် ကျန်တဲ့ မိသားစုဝင်တွေကို ဘုန်းကြီးကျောင်းမှာ ဖမ်းထားပြီး စစ်တယ် အခုအဖမ်းခံထားရတဲ့လူပေါင်း ၁၀၀ ရှိတာမို့ စိမ်ပြနေပြေကို စစ်ပြီးသူတို့ ဖော်သမျှ တစ်ရွာလုံးလိုက်ပတ်ပြီး တစ်အိမ်ချင်းကို မီတင်ရှို့မယ့်ပုံပေါ်တယ် “ဟု ဒေသခံတစ်ဦး၏ အစ်မဖြစ်သူက CJ Platform ကိုပြောသည်။

ထို့အပြင့် မုံရွေးနယ်ပတ်ဝန်းကျင်ကို အင်တာနက်လိုင်းဖွင့်ထားပြီး ဖုန်းလိုက်ဖြတ်ထားတယ်လို့ ပြောဆိုမှုများရှိနေပေမယ့်သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။