အကြောက်တရားကို ကျော်လွှားပြီး ပြည်သူလူထုအတွက် တော်လှန်ရေး ပိုမိုအရှိန်မြှင့်ပါ၀င်ပေးကြရန် ဆရာအဖွဲ့ချုပ်များ ပူးတွဲသဘောထားထုတ်ပြန်

Author လင်းခိုင်
Categories
Published on Dec 05, 2022

အကြောက်တရားကို ကျော်လွှားပြီး ပြည်သူလူထုအတွက် တော်လှန်ရေး ပိုမိုအရှိန်မြှင့်ပါ၀င်ပေးကြရန် ဆရာအဖွဲ့ချုပ်များက ဒီဇင်ဘာ ၄ ရက်တွင် ပူးတွဲသဘောထား ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ဒဂုံတက္ကသိုလ်ကျောင်းသားလူငယ် ၇ ဦးကို ၂၀၂၂ ခုနှစ် ဧပြီ ၂၁ ရက်တွင် မတရားဖမ်းဆီးပြီး ဥပဒေမဲ့မတရားစစ်ဆေးမှုပြုလုပ်ပြီးနောက် နို၀င်ဘာ ၃၀ ရက်တွင် သေဒဏ်ချမှတ်ခဲ့ပြီး နောက်ထက် လူငယ် ၄ ဦးကိုလည်း မတရား သေဒဏ်ချမှတ်ခဲ့သည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် တောင်းဆိုနေသော အပြစ်မဲ့ကျောင်းသား ပြည်သူများအပေါ် ထင်ရာစိုင်း မတရား ဖမ်းဆီးညှင်းပမ်း နှိပ်စက်သတ်ဖြတ်ခြင်း၊ ဥပဒေမဲ့ စီရင်ချက်ချခြင်းများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း၊ နိုင်ငံတကာတွင် စစ်တပ်သည် ပြည်သူလူထုကိုကာကွယ်ရန် ဖြစ်သော်လည်း မြန်မာနိုင်ငံရှိ စစ်တပ်သည် ပြည်သူလူထုအား တရားလက်လွတ် ဖမ်းဆီးညှင်းပန်းနှိပ်စက်သတ်ဖြတ်နေသော လူသတ်ကောင် စစ်တပ်မျှသာဖြစ်နေသည်ဟု ပူးတွဲ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့ကြောင့် နိုင်ငံတကာ အစိုးရများ၊ အဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စု၏ လူသတ်ယန္တရားလည်ပတ်စေ နိုင်ရေးတွင် ပါ၀င်သူများ မဖြစ်စေရန်နှင့် စစ်အုပ်စု၏ ပြည်သူလူထုအပေါ် ဥပဒေမဲ့ ရက်ရက်စက်စက် သတ်ဖြတ်နေမှုများကို အရေးယူပေးရန် တိုက်တွန်းတောင်းဆိုကြောင်း၊ ကျောင်းသားပြည်သူတစ်ရပ်လုံးက လည်း အကြောက်တရားကို အန်တုကျော်လွှားပြီး ဥပဒေမဲ့ မတရား ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခံနေရသော၊ ကျောင်းသား၊ ပြည်သူလူထုအတွက် တော်လှန်ရေုးကို ပိုမိုအရှိန်မြှင့်တင် ပါ၀င်ကြရန် ဆရာအဖွဲ့ချုပ်များက မေတ္တာရပ်ခံထားသည်။

ထို့ပြင် ဆရာအဖွဲ့ချုပ်များအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်ရန်အတွက် တော်လှန်ရေးတွင် တတ်စွမ်းသမျှ အစွမ်းကုန်ကြိုးစားလုပ်ဆောင်သွားမည်ဖြစ်ကာ မတရားမှုကို တွန်းလှန်သေည့် ကျောင်းသား၊ ပြည်သူလူထုနှင့် တစ်သားတည်းရပ်တည်သွားမည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် အသိပေးထားသည်။

အဆိုပါပူးတွဲထုတ်ပြန်ချက်ကို အခြေခံ၊အဆင့်မြင့် ပညာရေးအထွေထွေသပိတ်ကော်မတီ၊ တက္ကသိုလ်ဆရာသမဂ္ဂမများတိုက်ပွဲဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေး၀န်ထမ်းများ အထွေထွေသပိတ်ကော်မတီ၊ မြန်မာနိုင်ငံ ဆရာ ဆရာမများအဖွဲ့ချုပ်၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်၊ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများ သမဂ္ဂ၊ တနင်္သာရီတိုင်းဒေသကြီး အခြေခံပညာဆရာ ဆရာမများ သမဂ္ဂ တို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #CDM #တော်လှန်ရေး