အကြီးမားဆုံးအိပ်မက်တစ်ခု ပြည့်စုံနိုင်ဖို့ နောက်ဆုံးအခွင့်အရေးကို အသုံးချသွားမယ့် လီဝန်ဒေါစကီး

Author မောင်ရှမ်း
Categories
Published on Nov 20, 2022

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်ပြီး ကလပ်အသင်းတွေနဲ့အတူ အောင်မြင်မှုတွေရရှိထားခဲ့သူ လီဝန်ဒေါစကီးကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးသွင်းနိုင်ဖို့ဆိုတာ သူ့အတွက် အကြီးမားဆုံးအိပ်မက်တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာ အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ ပိုလန်လက်ရွေးစင်အသင်းရဲ့ ထာဝရသွင်းဂိုးအများဆုံးကစားသမားဖြစ်ပြီး ၁၃၄ ပွဲကစားကာ ၇၆ ဂိုးသွင်းထားပေးနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားသွင်းဂိုးတော့ မရရှိသေးပါဘူး။

ပိုလန်အသင်းဟာ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တို့မှာ ခြေစစ်ပွဲမအောင်ခဲ့သလို ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာတော့ ကစားခွင့်ရခဲ့ပေမယ့် အုပ်စုအောက်ဆုံးအနေအထားနဲ့ ပြိုင်ပွဲကထွက်ခွာခဲ့ရပြီး တစ်သင်းလုံးအနေနဲ့ သွင်းဂိုး ၂ ဂိုးသာရရှိခဲ့ကာ လီဝန်ဒေါစကီးကလည်း ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့် လီဝန်ဒေါစကီးက သူ့အတွက် ဒုတိယနဲ့ နောက်ဆုံးဖြစ်လာမယ့် ကမ္ဘာ့ဖလားမှာတော့ မဖြစ်မနေ ဂိုးသွင်းနိုင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ လီဝန်ဒေါစကီးက “ကမ္ဘာ့ဖလားမှာဂိုးသွင်းနိုင်ဖို့က ကြီးမားတဲ့ အိပ်မက်တစ်ခုဖြစ်ပြီး အဲဒီအိပ်မက်ပြည့်စုံဖို့အတွက် အရာအားလုံးကို ကျွန်တော်လုပ်ဆောင်သွားမှာပါ။ ဒီနှစ်ကမ္ဘာ့ဖလားမှာ ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။