အကြမ်းဖက် စစ်တပ်အား အမြစ်ဖြတ်ကာ ဒုတိယလွတ်လပ်ရေး ရယူပြီး နိုင်ငံသစ်ထူထောင်မည်ဟု NUG ထုတ်ပြန်

Author လင်းခိုင်
Categories
Published on Jan 04, 2023

 

အကြမ်းဖက် စစ်တပ်အား အမြစ်ဖြတ်ကာ ဒုတိယလွတ်လပ်ရေး ရယူပြီး နိုင်ငံသစ်ထူထောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားများသို့ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်သူလူထုတစ်ရပ်လုံး ကြိုစားအားထုတ်မှုကြောင့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး အဖြစ်ကြေညာနိုင်ခဲ့ကြောင်း၊ မြန်မာ့လွတ်လပ်ရေးကို အရယူခဲ့သည့် သမိုင်းတွင် အဓိကကျသည့် မြန်မာ့တပ်မတော်သည် မိမိတို့၏ အကျိုးစီးပွားကိုရှေ့တန်းတင်သော၊ အာဏာယစ်မူးသော စစ်ခေါင်းဆောင်တို့၏ စနစ်တကျ ဖျက်ဆီးမှု၊ ယင်းတို့လိုလားသည့် ပုံသဏ္ဍန်ရိုက်သွင်းကာ ပြည်သူတစ်ရပ်လုံးကို လက်နက်အားကိုး အနိုင်ကျင့်သည့် အလေ့အထကြောင့် ပြည်သူလူထု တစ်ရပ်လုံးသည် စစ်ကျွန်ဘ၀ကို ဖြတ်သန်းခဲ့ရသည့် ကာလသည်လည်း ရှည်ကြာခဲ့ရသည်ဟု သ၀ဏ်လွှာတွင် ဆိုထားသည်။

ယခုကာလသည်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်များထက် ပိုမိုသိမ်ဖျင်း ရိုင်းစိုင်းယုတ်မာသော၊ အသိဉာဏ်ဆင်ခြင်တုံ့တရားကင်းမဲ့သော စစ်အာဏာရှင်တစ်စုက ပြည်သူ့အာဏာကို မတရားလုယူသိမ်းပိုက်ပြီး တိုင်းပြည်၏ အနာဂတ်ကို နင်းခြေဖျက်ဆီးရန် ကြိုးစားနေခြင်းကို တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးက ရင်ဆိုင်တုံ့ပြန်နေသည့် အချိန်ကာလဖြစ်သည်ဟု NUG သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးရှိ ပြည်သူ့ကိုယ်စားပြုအဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၊ ပြည်သူများအားလုံး၏ နှစ်သစ်ကူး ထုတ်ပြန်ချက်များ၊ ပြောကြားချက်များတွင် ထင်ရှားပေါ်လွင်လျက်ရှိသည့် စစ်အာဏာရှင် အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ဘုံရည်မှန်းချက်ပန်းတိုင်ကို မျက်ချေပြတ်မခံသင့်ကြောင်း သ၀ဏ်လွှာတွင် တိုက်တွန်းထားသည်။

ထို့ကြောင့် လူအင်အား၊ လက်နက်အင်အား အဆပေါင်းများစွာသာလွန်သည့် တိုင်းတပါးနယ်ချဲ့များကို တော်လှန်စိတ်ဓာတ်များ လက်ဆင့်ကမ်းသယ်ဆောင်ပြီး မြန်မာ့လွတ်လပ်ရေး အောင်စိတ်ကို နှလုံးသွင်းကာ အကြမ်းဖက်စစ်အာဏာရှင်ကို အမြစ်ဖြတ်ကာ ဒုတိယလွတ်လပ်ရေးကို အရယူပြီး နိုင်ငံသစ်ကို ထူထောင်နိုင်ရန်ကြရန် လက်ရှိ ရရှိလျက်ရှိသည့် စည်းလုံးညီညွတ်မှုဖြင့် ရှေ့ဆက်ချီတက်ကြရန် NUG ၏ သ၀ဏ်လွှာတွင် တိုက်တွန်းထားသည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #NUG #လွတ်လပ်ရေးနေ့