အကျဉ်းထောင်များတွင် လူတွေ့ထောင်ဝင်စာအား ပြန်လည်ခွင့်ပြုမည်ဟုဆို

Author ဂျွန်နသန်
Categories
Published on Oct 22, 2023

အကျဉ်းထောင်များတွင် လူတွေ့ထောင်ဝင်စာတွေ့ခွင့်အား အောက်တိုဘာလကုန်ပိုင်းတွင် ပြန်လည်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူများထံမှ သိရသည်။

 

အကျဉ်းထောင်အတွင်း ကိုဗစ်‌ရောဂါကူးစက် ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ၂၀၂၀ ခုနှစ်  စက်တင်ဘာ ၄ ရက်က စတင်ကာ အကျဉ်းထောင်ဧည့်တွေ့ခွင့်အား  ပိတ်ပင်ထားခဲ့ပြီး  ၃ နှစ်အကြာတွင် အကျဉ်းထောင်များအားလုံး ဧည့်တွေ့ပြန်ဖွင့်ရန်  စစ်ကောင်စီ လက်အောက်ခံ အကျဉ်းဦးစီးဌာနမှ ညွှ့န်ကြားလာခြင်း ဖြစ်သည်။

ထောင်ဝင်စာတွေ့ဆုံမည့် မိသားစုဝင်များအနေဖြင့် ကိုဗစ် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသည့်စာရွက်၊ မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများအား ယူဆောင်လာရမည်ဖြစ်ကြောင်း ကနဦး ရရှိသည့် အချက်အလက်များအရ သိရသည်။

” ဒီသတင်းကြားရတာ ဝမ်းသာစရာပါပဲ ကလေးနဲ့ မတွေ့ရတာကြာပြီလေ အရင်ထဲက အထဲကလူဘာလိုအပ်လဲ ဘယ်လိုနေလဲ မသိရတာ ခုလိုတွေ့ခွင့်ရမယ်ဆိုတော့ တော်တော်လေး ဝမ်းသာရပါတယ်” ဟု အကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးမှ CJ Platform သို့ပြောသည်။

စစ်ကောင်စီသည် အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများအား ဖိနှိပ်မှုများ လုပ်ဆောင်နေပြီး ဒိုက်ဦးအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအား ခေါ်ထုတ် သတ်ဖြတ်သည့် ဖြစ်စဉ်များပင်ရှိခဲ့သည်။

 

” ဧည့်တွေ့ပြန်ဖွင့်မယ်ဆိုတာမှန်ပါတယ်ခင်ဗျ၊ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အားလုံး အကျုံးဝင်ပါတယ်၊ ကျွန်တော်တို့တွေ ဧည့်တွေ့ဆောင်တွေ နားနေဆောင်တွေ ပြန်လည် ပြင်ဆင်နေပါပြီ ရှေ့တစ်ပတ်ထဲမှာ စဖွင့်ပေးတော့မှာပါဟု ” အကျဉ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးမှ CJ Platform သို့ပြောသည်။