ဟောလီးဝုဒ် သရုပ်ဆောင်များသပိတ် ကန်ဒေါ်လာ ဘီလီယံကျော်တန်ကြေးရှိ အစမ်းသဘောတူညီမှုရရှိ

Author လင်းနွေဦး
Categories
Published on Nov 10, 2023

လနှင့်ချီကန့်ကွက်နေသော ဟောလီးဝုဒ် ရုပ်ရှင်လောက သရုပ်ဆောင်များပါဝင်သော Actors-Strike သပိတ်အဖွဲ့နှင့် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးများကြား ပြီးခဲ့သည့် နိုဝင်ဘာလ (၈)ရက် ညပိုင်းက အစမ်းသဘောတူညီမှုရရှိခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

 

ယခုနှစ် မေလ ၂ ရက်နေ့ကစတင်ပြီး စာရေးဆရာများသပိတ်(Writers-Strike)က ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများကို သပိတ်မှောက်ခဲ့ရာမှ မင်းသား၊ မင်းသမီးများပါဝင်သော Actors-Strike ဟူ၍ ဇူလိုင်လ ၁၄ ရက်နေ့မှစတင်သပိတ်မှောက်ခဲ့ခြင်းဖြစ်သည်။

 

Writers-Strike က သပိတ်မှောက်ကာလ ငါးလအကြာ ပြီးခဲ့သည့် စက်တင်ဘာလနှောင်းပိုင်းတွင် ထုတ်လုပ်ရေးကုမ္ပဏီကြီးများနှင့် သဘောတူညီမှုရရှိခဲ့ပြီး ယခု Actors-Strike ကမူ သပိတ်မှောက်ကာလ လေးလနီးပါးအကြာတွင် သဘောတူညီမှုရခဲ့ခြင်းဖြစ်သည်။

 

AP သတင်းဌာန၏ဖော်ပြချက်အရ ယခု သဘောတူဆွေးနွေးမှုအတွင်း ဟောလီးဝုဒ် ထိပ်တန်းထုတ်လုပ်ရေး ကုမ္ပဏီကြီးများဖြစ်သော Disney(ဒစ်စနေး)၊ Netflix(နက်ဖလခ်စ်)၊ Warner Bros(WB)(ဝါနား ဘရို)၊ Discovery(ဒစ်စကာဗာရီ)၊ Universal(ယူနီဗာဆယ်) စသည့် ထိပ်တန်း ကုမ္ပဏီကြီးများမှ စီမံခန့်ခွဲရေးခေါင်းဆောင်ပိုင်းများ ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

ယခုကဲ့သို့ အစမ်းသဘောတူမှု ရရှိပြီးနောက် ယမန်နေ့ ကြာသပတေး နေ့လယ် ၁၂ နာရီတွင် သပိတ် ပိတ်သိမ်းကြောင်း သရုပ်ဆောင်များသပိတ် ခေါင်ဆောင်များက ကြေညာခဲ့ကြပြီး Screen Actors Guild-American Federation of Television and Radio Artists (SAG-AFTRA)၏ ခေါင်းဆောင်များက ယခုစာချုပ်ကို မကြာမီအချိန်အတွင်း အတည်ပြုနိုင်မည်ဟု ဖော်ပြခဲ့သည်။

 

ယခု အစမ်းသဘောတူစာချုပ်သည် သုံးနှစ်သက်တမ်း ရှိပြီး အမေရိကန်ဒေါ်လာ ဘီလီယံချီ တန်ဖိုးရှိကာ စာချုပ်အတွင်း၌ လူသားဉာဏ်ရည်တု(AI)ကို ထိန်းချုပ်အသုံးပြုခြင်းများ၊ လုပ်အားခ များပြားလာခြင်း၊ လျော်ကြေး ပမာဏ တိုးလာခြင်းနှင့် ဖြန့်ချိရေး ပလက်ဖောင်းများမှ အပိုခံစားခွင့် စသည်တို့ပါဝင်ကြောင်း (SAG-AFTRA)အဖွဲ့ မှ ထုတ်ဖော်ခဲ့သော်လည်း အသေးစိတ်အချက်အလက်များကို မသိရှိရသေးချေ။

 

အချို့သောခေါင်းဆောင်များ၏ ပြောကြားချက်အရ (AI) နှင့်ပတ်သက်သော အကြောင်းအရာများကို အလေးထား ဆွေးနွေးခဲ့ရပြီး ခက်ခဲသော ဆွေးနွေးညှိနှိုင်းမှု ခရီးရှည် တစ်ခုဟု သတ်မှတ်နိုင်ကြောင်း ဆိုကြသည်။

 

အစမ်းသဘောတူမှု ရရှိမှုအပေါ်  ” ဒီသဘောတူညီမှုဟာ ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေအကုန်လုံး ဂုဏ်ယူနိုင်မယ့်ဟာမျိုးဖြစ်ပြီး ကျွန်တော််််လည်း အရမ်းကိုဝမ်းသာရပါတယ်။ ကျွန်တော်တို့ ဆွေးနွေးခဲ့တာက ဆီလျော်မျှတပြီး လေးစားမှုနဲ့ တန်ဖိုးရှိမှုတွေပါဝင်တဲ့စာချုပ်မျိုးဖြစ်ပြီး သပိတ်မှောက်တာနဲ့ တန်တဲ့ဟာမျိုးကိုရခဲ့ပါတယ်” ဟု SAG-AFTRA အဖွဲ့ စီမံခန့်ခွဲရေး ဒါရိုက်တာနှင့် ဦးဆောင်ဆွေးနွေးသူလည်း ဖြစ်သည့် Duncan Crabtree-Ireland (ဒန်ကန် ခရဘ်ထရီ အိုင်ယာလန်)က AP သို့ ပြောကြားသည်။

 

ယခု အစမ်းသဘောတူစာချုပ်ကို ဘုတ်အဖွဲ့အဝင်များနှင့် ယနေ့ သောကြာနေ့ ညနေတွင်ပြုလုပ်မည့် အစည်းအဝေးပွဲ ပြီးသည့်နောက် အသေးစိတ်အချက်များကို ထုတ်ဖော် ပြောကြားပေးသွားမည်ဖြစ်ကြောင်း ဒူကန် ခရဘ်ထရီ အိုင်ယာလန်က ဆက်လက်ပြောကြားခဲ့သည်။

 

စာရေးဆရာများ သပိတ်ကို ဦးဆောင်ခဲ့သော Writers Guild of America(WGA)မှ အောင်မြင်မှုအတွက် ဂုဏ်ပြုကြောင်း စာတစ်စောင်ထုတ်ပြန်ခဲဲ့ပြီး ထုတ်ပြန်ချက် အတွင်း၌ “လုပ်သားအားလုံး စည်းလုံးတဲ့အခါ သူတို့နိုင်တယ်” ဟု စည်းလုံးခြင်း၏ အရေးပါပုံကို ထည့်သွင်းဂုဏ်ပြုဖော်ပြခဲ့သည်။

 

ယခုကဲ့သို့ Writers-Strike နှင့် Actors-Strike တို့ကြောင့် ဟောလီးဝုဒ်ရုပ်ရှင်ကဏ္ဍတစ်ခုလုံး ရပ်တန့်ထားရသည်မှာ ၇ လခန့်ရှိပြီဖြစ်ပြီး Actors-Strike အောင်မြင်မှုရခဲ့ခြင်းကြောင့် ဟောလီးဝုဒ်တွင် ရုပ်ရှင်ရိုက်ကူးရေး၊ ပြသရေးနှင့် Talk Show များ ပိတ်ကားထက်ပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။