ဟုမ္မလင်းမြို့ အနောက်-အနောက်တောင်ဘက် ၄မိုင်ခန့်အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၄ဒသမ၃အဆင့်ရှိ ငလျင်လှုပ်ခတ်

Published on Sep 30, 2022

 

ဟုမ္မလင်းမြို့၏ အနောက်-အနောက်တောင်ဘက်ကို ဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၃အဆင့်ရှိငလျင် ငယ်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် ယနေ့ နံနက် ၈နာရီ ၅၃မိနစ်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် ၅၅မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့၏ အနောက်-အနောက်တောင်ဘက် ၄မိုင်ခန့်အကွာ အနက် ၁၀ကီလိုမီတာကိုဗဟိုပြုပြီး အင်အားရစ်ချ်တာစကေး ၄ဒသမ၃အဆင့်ရှိငလျင်ငယ်တစ်ခုလှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ယခုလှုပ်ခတ်ခဲ့သည့်နေရာသည် မကြာခဏငလျင်ငယ်များလှုပ်ခတ်လေ့ရှိပြီး ယနေ့လှုပ်ခတ်သည့်ငလျင်သည် ဇောက်တိမ်သည့်အတွက် ငလျင်လှုပ်ခတ်မှုကိုခဏတာ ခံစားခဲ့ရကြောင်းဒေသခံများထံမှသိရှိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ် အကြီးမားဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်နေပြီး အင်အားကြီးငလျင်များ လှုပ်ခတ်နိုင်သည့် အဓိက မြေငလျင်ကြောကြီး ငါးခုရှိသည်။ ထို့ပြင် မကြာခဏ လှုပ်ရှားနေသည့် ပြတ်ရွေ့ကြောများစွာလည်း ရှိနေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှ သိရသည်။

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခုတစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှ စတင်ခဲ့ပြီး မုတ္တမပင်လယ်ကွေ့အထိ မြောက်မှတောင်အထိ ရှိနေသည့် စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံး ငလျင်ကြောကြီးတစ်ခု ဖြစ်ပေသည်။ ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝအနီး တောင်-တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက်တည်ရှိသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့များသည် ငလျင်ကြောကြီးများ ဖြစ်ပေသည်။ ငလျင်ပြတ်ရွေ့ အသေးများစွာရှိနေသောကြောင့် ငလျင်ဒဏ်ကို မြန်မာနိုင်ငံ၏ မည်သည့်ဒေသတွင်မဆို အချိန်မရွေး ခံစားရနိုင်သည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်သည်။ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်ခြင်းဖြစ်ပြီး ပျက်စီးမှုအနည်းအငယ်ရှိနိုင်သည်။ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ် ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကိုအားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်သည်။ မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့သည်။