ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက် ၂၈မိုင်ခန့်အကွာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄အဆင့်ရှိ ငလျင်လှုပ်ခတ်

Published on Sep 07, 2022

ဟုမ္မလင်း၏ အရှေ့-အရှေ့မြောက် ၂၈မိုင်ခန့်အကွာကိုဗဟိုပြုပြီး ရစ်ချ်တာစကေး ၄အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါငလျင်သည် စက်တင်ဘာလ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၅)နာရီ၊ (၁၆)မိနစ်၊ (၁၃)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၈၂)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ဟုမ္မလင်းမြို့၏ အရှေ့-အရှေ့မြောက်ဘက် (၂၈)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၉၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၅)ဒီဂရီ၊ အနက် (၁၄၈)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၀)အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် ထိတွေ့မှုကြောင့် စစ်ကိုင်းအထက်ပိုင်းနှင့် ချင်း
ပြည်နယ် ဒေသများသည် မကြာခဏငလျင်ငယ်များလှုပ်ခတ်လေ့ရှိသည့်နေရာဖြစ်သည်။

စက်တင်ဘာ ၇ရက်နေ့ကလည်း တွန်းဇံမြို့၏ အရှေ့ဘက် ၁၉မိုင်ခန့်အကွာကိုဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ဒသမ၃ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့သေးသည်

မြေငလျင်လှုပ်ခတ်မှုသည် ကျောက်သားထုချပ်နှစ်ခုတစ်ခုနှင့် တစ်ခုတွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုးဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက်ခံရသည့်အတွက် တွန့်ခေါက်လာကာ အဆိုပါတွန်းတိုက်သည့် နေရာတွင် အားများတဖြည်းဖြည်း စုစည်းလာပြီး စုစည်းမိသောအားများ ရုတ်တရက်ရုန်းကန်၍ ပြန့်ထွက်ပြီး မြေငလျင်လှုပ်ခတ်ခြင်း ဖြစ်သည်။

ငလျင်လှုပ်ခတ်ပါက အင်အားရစ်ချ်တာစကေး ၁ မှ ၄ ဒသမ ၉ အထိ လှုပ်ခတ်ပါက အနည်းငယ် လှုပ်ခတ်ခြင်းဖြစ်သည်။ ရစ်ချ်တာစကေး ၅ မှ ၅ ဒသမ ၉ အထိ လှုပ်ခတ်မှုသည် အင်အားအသင့်အတင့်ဖြင့် လှုပ်ခတ်ခြင်းဖြစ်ပြီး ပျက်စီးမှုအနည်းအငယ်ရှိနိုင်သည်။ ရစ်ချ်တာစကေး ၆ မှ ၇ ဒသမ ၅ အထိလှုပ် ခတ်ပါက အင်အားပြင်း အဆင့်သတ်မှတ်ပြီး အပျက်အစီးများကာ ရစ်ချ်တာစကေး ၇ ဒသမ ၆ နှင့် အထက် လှုပ်ခတ်သော ငလျင်ကိုအားအလွန်ပြင်းအဖြစ် သတ်မှတ်ပြီး ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားနိုင်သည်။ မြန်မာနိုင်ငံတွင် ၇ ဒသမ ၅ အဆင့်ရှိ အင်အားပြင်းငလျင်အထိ လှုပ်ခတ်မှုရှိခဲ့သည်။
#ငလျင်သတင်း #ဟုမ္မလင်းမြို့