ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် PNO ပြည်သူ့စစ်မှ တစ်ရွာ ၅ယောက် တပ်သားစုဆောင်းနေ

Author ကောန်ဆာန်ရွတ်
Categories
Published on Feb 02, 2024

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ် မဲနယ်တောင်‌ဒေသရှိ ကျေးရွာများတွင် PNO ပအိုဝ်း ပြည်သူ့စစ်မှ တစ်ရွာလျှင် ၅ယောက် ရွေးချယ်၍ တပ်သား စုဆောင်းမှုများ ပြုလုပ်နေကြောင်း မဲနယ်တောင်ဒေသခံ အမျိုးသားတစ်ဦးမှ ဖေဖော်ဝါရီ ၂ရက်နေ့တွင် CJ Platformသို့ ပြောသည်။

 

မဲနယ်တောင်ဒေသ ရွာအသီးသီးရှိ ကျေးရွာလူကြီးများက ဇန်နဝါရီလ ၂၇ရက်နေ့ ညပိုင်းတွင် စတင်အစည်းအဝေး ပြုလုပ်ပြီး PNO ပြည်သူ့စစ်မှ ကျေးရွာလုံခြုံရေးအတွက် ကာကွယ်ရန်နှင့် လိုအပ်ပါက စစ်မှုထမ်းရန် တစ်ရွာလျှင် ငါးယောက် ရွေးချယ်ခိုင်းသည်ဟု ပြောကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

“ကိုယ်မြို့ကိုယ်ရွာနားမှာ သိပ်မငြိမ်းချမ်းလို့ အခုလောလောဆယ် ရပ်ရွာကို ကင်းစောင့်ပေးရမယ်တဲ့၊ တိုက်ပွဲဖြစ်လာရင်တော့ လိုအပ်ရင် ပါရမယ် ပြောတယ်၊ အခုတော့ PNO ထောက်ခံသူတွေကိုပဲ ဦးစားပေး ရွေးထားသေးတယ်” ဟု မဲနယ်တောင်ဒေသခံ အမျိုးသားတစ်ဦးမှ ပြောသည်။

 

ပြီးခဲ့သည့် ၂၀၂၂ခုနှစ် ဇူလိုင်လတွင် PNOထံသို့ စစ်သင်တန်း သွားရောက်တက်ခဲ့သူများကို PNOမှ ယခု တပ်သားအဖြစ် ဦးစားပေး ရွေးချယ်ခိုင်းနေပြီး စစ်သင်တန်း မတက်ရောက်ဖူးသေးသည့် သူများကိုလည်း စစ်သင်တန်း ထပ်ပေးခြင်း မရှိပဲ ရွေးချယ်ထားကြောင်း သိရသည်။

 

လက်ရှိအချိန်တွင် တစ်ရွာလျှင် ငါးယောက်သာ ခေါ်နေသော်လည်း ကျေးရွာလုံခြုံရေးကို ထိထိရောက်ရောက်ကာကွယ်နိုင်ရန် တပ်သားများ ထပ်မံခေါ်သွားမည်ဟုလည်း PNO တာဝန်ရှိသူများမှ ဒေသခံများကို ပြောကြားသဖြင့် ဒေသများအနေဖြင့် စိုးရိမ်ထိတ်လန့်နေရကြောင်း သိရသည်။

 

“ကျေးရွာလုံခြုံရေးကို တကယ်ပဲ ကာကွယ်ခိုင်းဖို့ဆိုရင် ရသေးတယ်၊ မဟုတ်ပဲ ကိုယ့်လူမျိုး အချင်းချင်း ပြန်တိုက်ခိုင်းဖို့ ခေါ်တာ ဆိုရင်တော့ မလိုက်နိုင်ဘူး၊ အခုလို တိုက်ပွဲတွေ ဖြစ်နေတာကို စစ်မှုထမ်းဖို့ ရွာသားတွေ ထပ်ခေါ်မယ်ဆိုတော့ ဘယ်နေ့ ကိုယ်အလှည့်ဖြစ်မလဲ လန့်နေရတာ”ဟု အဆိုပါ ဒေသခံ အမျိုးသားမှ ဆက်လက် ပြောသည်။

 

စစ်မှုထမ်းရန် အလှည့်ကျ ရွေးချယ်ရာတွင် မိမိတို့ အိမ်ထောင်ဦးစီးများ မိမိတို့ ရင်သွေးများ ပါဝင်သွားမည်ကိုလည်း မဲနယ်တောင် ဒေသခံ အမျိုးသမီးများ ပူပန်နေရသည်။

 

“အိမ်က သားအဖကို တစ်ယောက်မှ မသွားစေချင်ဘူး၊ တစ်ခုခုဖြစ်သွားရင်လည်း ဘယ်သူမှ တာဝန်ယူကြမှာ မဟုတ်ဘူး၊ ရွေးလိုက်မှာလည်း စိုးနေရတယ်” ဟု ဒေသခံအမျိူးသမီးတစ်ဦးက ပြောသည်။

 

ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ရွာများတွင် PNOမှ တပ်သားစုဆောင်းမရသော ရွာများကို ဒဏ်ကြေးအဖြစ် ကျပ်ငွေ၃သိန်း ပေးဆောင်ရမည်ဟု ခြိမ်းခြောက် ပြောကြားထားကြောင်းလည်း သိရသည်။

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ဆီဆိုင်မြို့ကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO)နှင့် မဟာမိတ်တပ်ဖွဲ့များမှ ထိန်းချုပ်နိုင်သွားပြီးနောက် PNOနှင့် စစ်ကောင်စီမှ တောင်ကြီးနှင့် ဟိုပုန်းမြို့နယ်များတွင် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်။