ဟိုပုံးတွင် ဖမ်းမိသည့် သေနက်များသည် ၎င်းတို့လက်နက်မဟုတ်ဟု NUGငြင်းဆို

Author ခေတ်နီ
Categories
Published on Dec 21, 2022

 

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ဟိုပုံးမြို့နယ်အတွင်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်က စစ်ကောင်စီတပ်မှ ဖမ်းမိခဲ့သည့် Type 81 ချေမှုန်းရေး ရိုင်ဖယ် အလက် ၅၀၀ နီးပါးသည် ၎င်းတို့၏ လက်နက်များ မဟုတ်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG ဖက်မှ ငြင်းဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာဘက်သို့ မောင်းနှင်လာသည့် ဒိုင်နာအမျိုးအစား ၆ ဘီးယာဥ်တစ်စီးပေါ်မှ Type 81ရိုင်ဖယ် ရိုင်ဖယ် ၄၉၉ လက်နှင့် ယင်းကျည်အိမ်၄၉၈ ခု အပါအဝင် ဆက်စပ် ပစ္စည်းများကို စစ်ကောင်စီဖက်မှ ဖမ်းဆီးရမိသည်ဟု သတင်းများထုတ်ပြန်ထားသည်။

ယင်းဖမ်းဆီးရမိသည့် လက်နက်များသည် အမျိုးသးညီညွတ်ရေးအစိုးရ NUGမှ ၎င်းတို့၏ ပြည်သူ့ကာကွယ်ရေးတပ်များအား တပ်ဆင်ရန် ပို့ဆောင်သည်ကို ဖမ်းဆီးရမိခြင်းဖြစ်သည်ဟု စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားမှုအပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်တစ်ဦးဖြစ်သူ ကိုနိုင်ထူးအောင်ကို ဆက်သွယ်မေးမြန်းကြည့်ရမှာတော့ “၎င်းတို့၏လက်နက်များ မဟုတ်ပါကြောင်း” CJ Platform သို့ဖြေကြားခဲ့သည်။

အဆိုပါလက်နက်များသည် ဝပြည် သွေးစည်းညီညွတ်ရေးတပ် UWSA၏ လက်နက်များဖြစ်ကြောင်း၊ ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုများထံ ပို့ဆောင်မည့် လက်နက်များဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့် မီဒီယာများတွင် ဖော်ပြခဲ့မှုကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF၏ ဒုစစ်ဦးချုပ်နှင့် အတွင်းရေးမှူး ၂ ဖြစ်သူ ကိုမာဝိမှလည်း အခုလိုသတင်းများထွက်ရှိမှုအပေါ် ၎င်းတို့အနေဖြင့် မသိရှိကြောင်း CJ Platform သို့ ဖြေကြားထားသည်။

ထို့အပြင် အဆိုပါ လက်နက်များဖမ်းမိသည့် ဒေသသည် စစ်ကောင်စီတပ်အပြင် PNO/PNA၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့လှုပ်ရှားနယ်မြေများဖြစ်ပြီး အခုလိုဖမ်းဆီးမှုဟာ စစ်ကောင်စီမှ ဝါဒဖြန့်မှု တစ်ခုဖြစ်နိုင်ကြောင်းလဲ ကရင်နီပြည်အတွင်းရှိ တော်လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် ဒီမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၏ တွဲဖက်ပြန်ကြားရေးဖြစ်သူမှလည်း CJ Platform သို့ မှတ်ချက်ပြု ပြောကြားသည်။

“ဒီဟာတွေက ကျနော်တို့ ဟာတော့မဟုတ်ဘူး တစ်ခုတော့ရှိတယ် အဲ့လမ်းကြောင်းက လက်နက်မိတာတော့ရှိပေမယ့် ဒီလောက်များတဲ့လက်နက်ကို အဲ့လမ်းကြောင်းကဘယ်သူမှမသယ်ဘူးဗျ သူတို့က တော်လှန်ရေးတပ်တွေ စိတ်ဓာတ်ကျအောင်လျှော က်လုပ်တာလဲ ဖြစ်နိုင်တယ်”ဟု ပြောသည်။

ဖမ်းဆီးရမိသည့် Type 81ရိုင်ဖယ်များ၏ လက်ရှိပေါက်စျေးသည် သိန်း ၆၀ မှ ၁၀၀ ကြားရှိနေပြီး၎င်း၏ မူလ ဇစ်မြစ်သည် တရုတ်နိုင်ငံမှဖြစ်ကာ ယင်းရိုင်ဖယ်များ၏ ပုံစံကူးယူကာ ပြည်တွင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်KIAနှင့် UWSAတို့မှ ထုတ်လုပ်မှုများရှိပြီး Yat-Thai ရိုင်ဖယ်အနေဖြင့် SSAမှလည်း ထုတ်လုပ်ခဲ့ဖူးကြောင်း လက်နက်ရေးရာ ကျွမ်းကျင်သူတစ်ဦးကလဲ ဆိုသည်။

ယခုလို လက်နက်များ ဖမ်းဆီးရမိသည့်အပေါ် အမည်မဖော်လိုသည့် ရှမ်းပြည် နိုင်ငံရေး လေ့လာသူတစ်ဦးမှလည်း ယခုလိုသုံးသပ်ထားသည်။

“ဒီကောင်တွေရဲ့ ထုတ်စျေးက ဆယ်ဂဏန်းတောင်မပြည့်ဘူး အရင်က EAOsတွေ အချင်းချင်း ရောင်းကြတာပေါ့ ဒါနဲ့ပတ်သက်ပြီး စိတ်ပူရတာက ကရင်နီဖက်ပဲ ကရင်နီကို သျှမ်းပြည်ဘက်ကနေ ဘာမှ လှမ်းမထောက်နိုင်အောင် စပြီးဖြတ်နေပြီလို့ ခံစားရတယ်၊ ကရင်နီကို မကြာခင် ပြန်တိုက်မယ်လို့ထင်တယ် စစ်တပ်ရဲ့ ဦးတည်ချက် က အညာက PLA အနွယ်တွေ၊ ရှမ်းမြောက်က PDF တွေ၊ ကရင်နီရှမ်းနယ်စပ်တွေပဲ ဒီတလော ရှမ်းဖက်မယ် လေကြောင်းနဲ့ အဲ့ဒီလောက် တိုက်တာပြနေတာက PDF ကိုကူညီရင် ဒီလိုလုပ်မယ်ဆိုတာမျိုး ပြချင်တာ ဒါက ရှမ်းပြည်မြေပြင်အနေအထားနဲ့ ကြည့်သုံးသပ်တာ”ဟုဆိုသည်။

ထို့အပြင် ပြီးခဲ့သသည့် မေလကလည်း Type 81 အမျိုးအစား သေနတ် အလက် ၅၀နှင့် ယင်းကျည် နှစ်သောင်းနီးပါးကို ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီမှ သိမ်းဆည်းရမိခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့သည်၊
ပုံစာညွှန်း- စစ်ကောင်စီမှ လက်နက်များ သိမ်းဆည်းရမိသည်ဟု ဖော်ပြလာခဲ့သည့် မှတ်တမ်းပုံအဟောင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ဟိုပုံး #လက်နက် #NUG