ဟိုပုံးတွင် ပအိုးဝ်အမျိုးသားဝတ်စုံအသုံးပြုပြီး စစ်ကောင်စီ တပ်သားအင်အားဖြည့်တင်းမှုများပြုလုပ်နေ

Author ကိုထားဝယ်
Categories
Published on Mar 08, 2024

ပအိုးဝ်အမျိုးသားဝတ်စုံများဝတ်ဆင်အသုံးပြု၍ ခိုးကြောင်ခိုးဝှက်ဖြင့် အင်အားဖြည့်တင်းမှုများပြုလုပ်နေကြောင်း ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုသို့အင်အားဖြည့်ရာတွင် အရပ်သားပြည်သူများ၏ မော်တော်ယာဉ်များကို အဓမ္မချောဆွဲကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သွားလိုသည့်နေရာသို့ ပို့ဆောင်စေခိုင်းမှုများပြုလုပ်နေကြောင်း ထိုထုတ်ပြန်ချက်အတွင်း ထည့်သွင်းဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုခြင်း၊ ပအိုဝ်းဒေသကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ပအိုဝ်းတို့၏ အမျိုးသားဂုဏ်အင်္ဂါလက္ခဏာကို ဖျက်ဆီးခြင်းနှင့် စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းပင်ဖြစ်သည်ဟု PNLA က ဆိုသည်။

 

ထို့ပြင် မတ်လ ၆ ရက်နေ့က စစ်ကောင်စီသည် ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို ဒရုန်းဖြင့် ဓာတုအဆိပ်ငွေ့ဗုံးအသုံးပြု တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု PNLA က ဆိုသည်။

ထို့ကြောင့် PNLA ရဲဘော်များ အရေပြားယားယံခြင်း၊ မူးဝေခြင်း၊ အသက်ရှူမြန်ဆန်ခြင်း၊ မအီမသာခံစားရခြင်း၊ စိတ်လှုပ်ရှားမှု မြန်ဆန်ခြင်း၊ မောပန်းခြင်းနှင့် အောက်စီဂျင်ကျခြင်းများကို ပုံစံတူခံစားခဲ့ကြရပြီး ၎င်းတို့ကို ကုသပေးနေရဆဲဖြစ်ကြောင်း PNLA ၏ ယနေ့ မတ်လ ၈ ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ထိုပြင် ယမန်နေ့က စစ်ကောင်စီသည် ဆီဆိုင်မြိုနယ်အတွင်းသို့ လက်နက်ကြီးနှင့် ဒရုန်းများအသုံးပြုပြီး တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ်ခြောက်လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ယင်းထုတ်ပြန်ချက်အတွင်း ပါရှိသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး(NCA)စာချုပ်တွင် လက်မှတ်ရေးထိုးထားသော PNLA နှင့် စစ်ကောင်စီ လက်အောက်ခံ ပအိုးဝ်ပြည်သူ့စစ်များနှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် PNLA က ဆီဆိုင်မြို့ကို သိမ်းဆည်းထားသည့်အတွက် ပအိုးဝ်အုပ်ချုပ်ခွင့်ဒေသများဖြစ်သည့် ဆီဆိုင်၊ ဟိုပုံးမြို့နယ်များအပါအဝင် ရှမ်းပြည်(တောင်ပိုင်း)ဒေသအချို့၌ စစ်ကောင်စီ၊ ပအိုးဝ်ပြည်သူ့စစ်တို့နှင့် PNLA တို့ကြား တိုက်ပွဲများပြင်းထန်လျက်ရှိသည်။