ဟားမက်စ်ဘက်မှ အပစ်ရပ်ရန် တင်ပြမှုကို အောင်ပွဲမဝေးတော့ဟု ဆိုကာ အစ္စရေးဝန်ကြီးချုပ် ပယ်ချ

Author လင်းနွေဦး
Categories
Published on Feb 09, 2024

အစ္စရေး-ဟားမက်စ် စစ်ပွဲအတွင်း ဒုတိယအကြိမ် အဖြစ် အပစ်ရပ်ရန် ဟားမစ်စစ်အုပ်စု ဘက်မှ တင်ပြမှုကို အစ္စရေးဝန်ကြီးချုပ် နေသန်ရာဟု(Netanyahu) က ယမန်နေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ကြာသပတေးနေ့ တွင် အစ္စရေးဝန်ကြီးချုပ်ရုံး၌ ပြုလုပ်သည့် ထုတ်ပြန်ပြောဆိုမှုအတွင်း ပယ်ချလိုက်ကြောင်း နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြသည်။

 

အစ္စရေးဝန်ကြီးချုပ်အနေဖြင့် ဟားမက်စ် စစ်အုပ်စုဘက်မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ အင်္ဂါနေ့ တွင် ပေးပို့ခဲ့သည့် ရက်ပေါင်း ၁၃၅ ရက်ကြာ အချိန်ကာလအားဖြင့် ၃ပိုင်း ခွဲထားသည့် အပစ်ရပ်အစီအစဉ် တင်ပြမှုအား နှစ်ရက်အကြာတွင် ယခုကဲ့သို့ ပယ်ချခဲ့ခြင်းဖြစ်သည်။

 

ဟားမစ်စစ်အုပ်စု မှ တောင်းဆိုသော ပထမ ၄၅ရက်တာ ကာလတွင် ပစ်ခတ်မှုရပ်နားပြီးနောက် အစ္စရေးမှ ဖမ်းဆီးခေါ်ဆောင်လာသည့် ဓားစာခံများအနက်  ကျန်ရှိသော အမျိုးသမီးများ၊ ၁၉ နှစ်အောက် အမျိုးသားများ၊ သက်ကြီးရွယ်အိုများနှင့် ဖျားနာနေသူများကို အစ္စရေး၌ အကျဉ်းကျခံနေရသော ပါလက်စတိုင်း အမျိုးသမီးများ၊ ကလေးငယ် များနှင့် လဲလှယ်ရန်ဖြစ်ပြီး အစ္စရေးစစ်တပ်မှ ဂါဇာ၏ လူနေထူထပ်သည့် နေရာများမှ ဆုတ်ခွာပေးရရုံမက ဆေးရုံနှင့် ဒုက္ခသည် စခန်းများအား ပြန်လည် တည်ဆောက်ပေးရမည် ဖြစ်သည်။

 

ဒုတိယ ၄၅ ရက်ကာလ တွင် ကျန်ရှိသော အစ္စရေးအမျိုးသား ဓားစာခံများကို ပါလက်စတိုင်း အကျဉ်းသားများနှင့် လဲလှယ်မည်ဟုပါရှိပြီး အစ္စရေးစစ်တပ်သည် ဂါဇာမှ အပြီးတိုင် ဆုတ်ခွာ ပေးရမည် ဖြစ်ကာ တတိယ ၄၅ရက်တာကာလတွင်မူ စစ်ပွဲအတွင်း အကြွင်းအကျန်များနှင့် နှစ်ဖက် ရုပ်အလောင်းများ လဲလှယ်မည် ဟု ပါရှိကြောင်း ရိုက်တာ(Reuters) သတင်းဌာန ၏ ဖော်ပြချက်အရ သိရသည်။

 

အစ္စရေးဝန်ကြီးချုပ်ကမူ “ကျွန်တော်တို့ဟာ အလုံးစုံအောင်ပွဲကို ရမဲ့လမ်းကြောင်းပေါ် ရောက်နေပါပြီ။ အဲ့ဒီလမ်းဟာ နှစ်တွေ အကြာကြီးစောင့်ရမှာ မဟုတ်ဘဲ လအနည်းငယ်လောက်သာ လိုတော့တာပါ။ အစ္စရေးကာကွယ်ရေးတပ်တွေဟာ ရည်မှန်းချက်ကိုရဖို့ စနစ်တကျ နဲ့ရှေ့တိုးနေပါပြီ။ ဟားမက်စ်ကို အပြီးရှင်းပစ်ဖို့၊ ဓားစာခံတွေ ပြန်လွတ်ဖို့နဲ့၊ ဂါဇာဟာ အစ္စရေးကို နောက်ထပ်ဘယ်တော့မှ ထပ်မခြိမ်းခြောက်နိုင်ဖို့ကို လုပ်ဆောင်မယ်လို့ ကတိပေးပါတယ်”ဟု အစ္စရေးဝန်ကြီးချုပ်ရုံးတွင် ပြုလုပ်သော ထုတ်ဖော်ပြောကြားမှု အတွင်း နိုင်ငံတကာမီဒီယာများသို့ ပြောကြားခဲ့သည်။

 

အစ္စရေးဝန်ကြီးချုပ်မှ အထက်ပါအတိုင်း မပြောကြားမီတွင် အင်္ဂလန်နိုင်ငံ(UK)၊ ဂျာမနီ(Germany)နှင့် ပြင်သစ် (France) နိုင်ငံတို့မှ အပစ်အခတ်ရပ်စဲရေးအား သဘောတူရန် တိုက်တွန်းမှုများ ပြုလုပ်ခဲ့ကြကြောင်း CNN မီဒီယာ မှ ဖော်ပြသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့တွင် ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ပထမဆုံး အပစ်ရပ်စဲမှုအတွင်း  ဟားမက်စ် စစ်အုပ်စုဘက်မှ ဖမ်းဆီးထားသော အစ္စရေး ဓားစာခံ(၁၀၀)ကျော်အား လွှတ်ပေးခဲ့ကာ အစ္စရေးဘက်မှလည်း ဖမ်းဆီးထားသည့် ပါလက်စတိုင်း အကျဉ်းသား (၂၄၀) ကျော် အား လွှတ်ပေးခဲ့ပြီး နိုင်ငံတကာမှ ကူညီသော လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များလည်း ဂါဇာဒေသတွင်းသို့ ပို့ဆောင်နိုင်ခဲ့သည်။

 

ယခုအခါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့မှ ဟားမက်စ် စစ်အုပ်စုမှ စတင်သော တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့ရသော အစ္စရေး-ဟားမစ် စစ်ပွဲအတွင်း အစ္စရေးပြည်သူ ၁၃၀၀ ကျော် သေဆုံးခဲ့ရပြီး အစ္စရေးဘက် မှ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ပါလက်စတိုင်းပြည်သူ အရေအတွက် မှာ ၂၇,၇၀၀ ကျော်ရှိခဲ့သည့် အနက် ၁၀,၀၀၀ ကျော် မှာ ကလေးသူငယ်များ ဖြစ်သည်။

 

ဓာတ်ပုံ- The Guardian

 

ပုံစာညွှန်း -အမေရိကန် ပြည်ထောင်စု အတွင်းရေးမှူးချုပ် အန်တိုနီဘလင်ကန်(Antony J.Blinken) နှင့် အစ္စရေးဝန်ကြီးချုပ်တို့ကို အစ္စရေးမြို့တော် ဂျေရုစလင်၌ ယှဉ်တွဲတွေ့ရစဉ်