ဟားခါးရှိ ဘုံဇုံးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံး၊ ၂၀ ကျော်ထွက်ပြေးပြီး အရာရှိတစ်ဦးအပါအဝင် ၆ ဦး စစ်သုံ့ပန်းအဖြစ်ဖမ်းမိ

Author လဂွန်းအိမ်
Categories
Published on Dec 19, 2023

ချင်းပြည်နှင့် မကွေးတိုင်းအစပ် ဟားခါးမြို့နယ် ဟားခါး-ဂန့်ဂေါလမ်းပေါ်ရှိ စစ်ကောင်စီတပ်သားအင်အား ၄၀ ခန့်ရှိသော ဘုံဇုံးတပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA)နှင့်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ယမန်နေ့ ဒီဇင်ဘာ ၁၈ ရက်နေ့က အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု CNA ထံမှ သိရသည်။

 

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၈ ဦးသေဆုံးပြီး ၂၄ ဦးခန့်ထွက်ပြေးသွားပြီးနောက် အရာခံဗိုလ်တစ်ဦးအပါအဝင် ၆ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

” စစ်သုံ့ပန်းအဖြစ် ၆ ယောက်ပေါ့ အရှင်ဖမ်းမိတယ်။ အရာရှိတစ်ကောင်ပဲပါတယ်။ အရာခံဗိုလ်၊ လက်နက်ခဲယမ်းသိမ်းဆည်းရရှိတာတွေရှိပါတယ်” ဟု CJ Platform သတင်းဌာန၏ CNA သတင်းအရင်းအမြစ်က ပြောသည်။

 

ထိုစခန်းသိမ်းတိုက်ပွဲတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မူကြောင့် ချင်းကာကွယ်ရေးတပ်-ဟားခါး(CDF-Hakha)မှ ရဲဘော်နှစ်ဦး ကျဆုံးပြီး CNA မှ ရဲဘော် ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CNA ထံမှ သိရသည်။

 

ဘုံဇုံးစစ်တပ်စခန်းကို CNA၊ CDF-Hakha၊ CDF-Thantlang နှင့် CDF-KKG ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်၊ ကျည်၊ ကျည်ကာဦးထုတ်နှင့် အခြားဆက်စပ် စစ်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။