ဟန်လင်းမြို့ဟောင်းတွင် စစ်ကောင်စီအထိုင်စခန်းကို PDF များ ၀င်ရောက်တိုက်ခိုက် နှစ်ဖက်အကျဆုံးရှိ

Author ကေဇက် ၊ မင်းထက်
Categories
Published on Mar 05, 2024

စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် အတွင်း ရွှေဘိုမြို့၏ အရှေ့တောင်ဘက် (၁၂) မိုင် အကွာ ရွှေဘို-ဝက်လက် ကားလမ်း အနီးတွင်ရှိသော ယူနက်စကို စာရင်းဝင် ဟန်လင်း ပျူမြို့ဟောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီအထိုင်စခန်းကို မတ်လ (၂) ရက်နေ့က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များမှ ၀င်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက် အကျအဆုံးများ ရှိခဲ့​ကြောင်း ဒေသတွင်းသတင်းအရင်းမြစ်များက CJ Platform သို့ပြောသည်။

 

၀က်လက်မြို့နယ် ဟန်လင်းရွာတွင် မတ်လ (၂) ရက်နေ့ နံနက် ( ၂ )နာရီခန့် မှစ၍ စစ်ကောင်စီတပ်သားများ နှင့် ပျူ(ပြည်သူ့စစ်) ပူးပေါင်းအင်အား (၄၀) ခန့် နှင့် တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်များ ၄ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ၊  စစ်ကောင်စီတပ်သား (၁၅) ဦးခန့် သေဆုံးခဲ့ပြီး စာရင်း အတိအကျ ကောက်ယူနိုင်ရန် စိစစ်ဆဲဖြစ်ကြောင်း ၊  တိုက်ပွဲတွင်း ရွှေဘိုမြို့ပေါ်ရှိ လေ့ကျင့်ရေး(၈)နှင့် ကညနရုံးမှ ဟောင်ဝစ်ဇာ(၁၂၂ မမ)ဖြင့် (၁၁)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

 

“စစ်ခန်းသိမ်းနေတုန်း ကိုယ်ဘက်က တစ်အုပ်ကြီးဝင်တာပေါ့ ဗျူဟာနည်းနည်း လွဲသွားတယ်ထင်တယ်၊ ရွှေဘိုက ဟောင်၀ှစ်ဇာနဲ့ထုတာ ရဲဘော်ရှိတဲ့အပေါ် နှစ်ချက်လောက်ကျတာ ထိတာ၊ နေ့ခင်းမွန်းမတည့်ခင်မှာ သိရတာ ခုနစ်လောင်းရတယ် ၊ ဒဏ်ရာရတာ (၅၀) ကျော်တယ်လို့ သိရတယ်။ စခန်းကလဲ ဘာမှမရဘူးဗျ။ သူတို့ပွားထားတဲ့ စခန်းလေးတွေ တစ်နေရာတော့ မီးရှို့ထားခဲ့တယ်လို့ သိထားရတယ်” ဟု တော်လှန်ရေးနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

 

တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စခန်းသိမ်းရန် စစ်ကောင်စီတပ်၏ အထိုင်နေရာဖြစ်သော ဟန်လင်းရွာ အထက်တန်းကျောင်း ပတ်လည်နှင့် ဘုရားကုန်းပတ်လည် နှစ်နေရာခန့် ကျန်ခဲ့ကြောင်း ၊ ညပိုင်းတွင် ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ထားသော်လည်း တိုင်းဒေသကြီး ၊ ခရိုင်ဒေသကြီး စစ်ဒေသများက တားဆီးမှုကြောင့် ရပ်တန့်ထားခဲ့ကြောင်း မြေပြင်တော်လှန်ရေး အင်အားစုများထံက သိရသည်။

 

“အဓိက စက်လက် နှစ်လက်နဲ့ ပွဲကို ထိန်းတာ၊ ကျွန်တော်တို့ကလဲ မရရအောင် တိုးတာ ၊ကျွန်တော်တို့ ဘန်ကာကို မဲတဲ့အဖွဲ့နေရာကို မြို့ပေါ်က ဟောင်ဝစ်ဇာနဲ့ အတိကျ ကျအောင် ပစ်နိုင်တယ်”ဟု နယ်မြေခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာ၀န်ရှိသူတစ်ဦးက တိုက်ပွဲတွင်းအ​ခြေအနေနှင့် ပတ်သက်၍ ပြောသည်။

 

ထို့ပြင် မတ်လ (၂) ရက်နေ့ က တိုက်ပွဲသို့ ကျောက်မြောင်း ခမရ (၁၂)မှ အင်အား (၆၀)ခန့် ဟန်လင်းဘက်သို့ စစ်ကြောင်းထိုးလာစဉ် ဒေသခံ ကာကင်းများနှင့် ထိတွေ့ပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

 

“နှစ်ဘက် အထိခိုက်ကတော့ များတယ်လို့ ကြားတယ် ၊ကိုယ့်ဘက်က ငါးဦးခန့်ကျပြီး (၁၀)ဦးကျော် ဒဏ်ရာ ရတယ်လို့ ကြားတယ် ၊တိုက်ပွဲကြောင့် ကျွန်တော်တို့ရွာက အိမ်ခြေ(၅၀၀)ခန့် ရှောင်လိုက်ရတယ်”ဟု ဟန်လင်းရွာ အနီးရှိ မုဆိုးခြုံရွာမှ ‌ပြည်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

ယင်းတိုက်ခိုက်မှုများကို ရွှေဘိုခရိုင် တပ်ရင်း (၁) ၊(၂)၊(၅)၊နယ်မြေခံ ပကဖများနှင့် ကျေးလက် အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် မတ်လ (၃) ရက်နေ့ ညပိုင်းတွင်လည်း ရွှေဘိုခရိုင် တပ်ရင်း (၅) နှင့် (၁၅)အပြင် ဒေသခံအဖွဲ့များမှ ဟန်လင်းအထိုင်စခန်းသို့ droneဖြင့်တိုက်ခိုက်ခဲ့သည့်အပြင်၊လက်နက်ကြီး(၆၀ မမ)ဖြင့်ပါ တိုက်ခိုက်ခဲ့ကြောင်း၊  ထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ဟန်လင်း အပါအ၀င် ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်း တို့ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ထည့်သွင်းရန် ၁၉၉၆ ခုနှစ် အောက်တိုဘာလတွင် အဆိုပြုခဲ့ရာ  ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၁၄ ခုနှစ် မေလက ကျင်းပခဲ့သော ၃၈ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးမှာ ယင်းအဆိုပြုချက်ကို ယူနက်စကိုက အတည်ပြုခဲ့သည်။