သံတောင်ကြီးမှာ ရေကြီးမြေပြိုလို့ လူ ၈ ဦးခန့် သေဆုံးပြီး ပျောက်ဆုံးနေသူတွေပါရှိနေ

Author CJ Platform
Categories
Published on Aug 06, 2025

ကရင်ပြည် သံတောင်ကြီးမြို့နယ်အတွင်း မိုးများပြီး ချောင်းရေတိုက်စားမှုကြောင့် ပြီးခဲ့တဲ့ ဩဂုတ်လ ၄ ရက်နေ့ကစတင်ကာ မြေပြိုတာတွေဖြစ်ပေါ်ခဲ့ပြီး သေဆုံးသူတွေနဲ့ ပျောက်ဆုံးသူတွေရှိနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

သံတောင်ကြီးမြို့နယ်အတွင်း သံတောင်ကြီးမြို့၊ သံတောင်မြို့၊ တောင်ငူ-သံတောင်လမ်း၊  တောင်ငူ-လိပ်သိုလ်လမ်း၊ ပျားစခန်းရွာ အပါအဝင် သံတောင်ကြီးမြို့ အနီးအနားရှိ ရွာငယ်တွေမှာ ရေကြီးဒဏ်၊ မြေပြိုဒဏ်ခံစားနေရတာပါ။

 

“တောင်ပေါ်ရွာ သောက်ရေခမ်းချောင်းအနီး ရွာငယ်တွေ၊ ဖြတ်လမ်းကူးရွာတံတားတွေ၊ ကြိုးတံတားတွေ အကုန်ကျိူးကျပါတယ်။ သံတောင်ကြီးမြို့မှာ လူသေဆုံးသူ ၈ဦး အတည်ပြုထားပါတယ်။ ပျောက်ဆုံးသူတွေ ကို ရှာဖွေမှုတွေလုပ်ဆောင်နေပါတယ်” လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ကူညီဆောင်ရွက်နေသူ ဒေသခံ တစ်ဦးက CJ Platform ကိုပြောပါတယ်။

 

သံတောင်ကြီးမြို့နယ်အတွင်း သောက်ရေခပ်ချောင်း၊ ဒေးလိုချောင်း၊ သံတောင်မြို့မှာ ပသိချောင်းတွေမှာ ရေကြီးရေလျှံတာတွေ ဖြစ်ခဲ့တာလို့ သိရပါတယ်။

 

ဒါ့အပြင် သံတောင်ကြီး-ရွှေညောင်ပင် ဆက်သွယ်ထားတဲ့ နန့်ချိန်ကွင်းရွာတံတား ပျက်ကျသွားပြီး အချို့ကျေးရွာတွေမှာလည်း မြေပြိုကျမှုကြောင့် သွားလာလို့ မရဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ထီးပူခီးကျေးရွာမှာလည်း မြေပြိုကျမှုတွေကြောင့် ကျေးရွာတစ်ခုလုံး တိမ်းရှောင်နေရသလို နေအိမ်တချို့လည်း ဖျက်သိမ်းပြောင်းရွေ့နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

သံတောင်ကြီးမြို့နယ်အတွင်း နှစ်စဉ် မိုးရာသီတိုင်းမှာ ရေကြီးမြေပြိုတာတွေဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း လိမ်သိုကျေးရွာအောက်ရှိ ဇလဲကျေးရွာဘက်မှာ မြေပြိုကျမှုဖြစ်ခဲ့တာကြောင့် ဘာသာရေးအဆောက်အဦတစ်ခု ပြိုကျသွားခဲ့တယ်လို့ သိရပါတယ်။

 

အခုလို မြေပြိုကျမှုတွေကြောင့် သေဆုံးတာတွေအပြင် ပျက်စီး ပျောက်ဆုံးသူတွေ များတာကြောင့်  အရေးပေါ် ကူညီကယ်ဆယ်ဖို့ လိုအပ်နေပြီး တောင်ငူမြို့ ကယ်ဆယ်ရေးအဖွဲ့အချို့ သွားရောက်နေတယ်လို့ သိရပါတယ်။

 

လက်ရှိမှာ ရေဘေးသင့်ပြည်သူတွေအတွက် သောက်သုံးရေအရေးပေါ် လိုအပ်နေတယ်လို့ ဒေသတွင်း ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေသူတွေဆီက သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်