သံဃသမဂ္ဂ မှ ဦးဆောင်ဆရာတော်တစ်ပါးကို မတွေ့သဖြင့် အခြား သံဃာနှစ်ပါးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီး

Author လင်းခိုင်
Categories
Published on Nov 06, 2022

သံဃသမဂ္ဂ(မန္တလေး) မှ ဦးဆောင်င် ဆရာတော် တစ်ပါးကို မတွေ့သဖြင့် အခြားသံဃာနှစ်ပါးကို ဓားစာခံအဖြစ် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီ တပ်သားများသည် နို၀င်ဘာ ၂ ရက် နေ့လည် ၁ နာရီခန့်တွင် မန္တလေးမြို့၊ မိုးကောင်းတိုက်အတွင် ယခင်က သီတင်းသုံးနေထိုင်ခဲ့သော သံဃသမဂ္ဂ ဦးဆောင် ရဟန်းတစ်ပါးကို ကို ၀င်ရောက်ရှာဖွေခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ၀င်ရောက်ရှာဖွေရာတွင် ဦးဆောင်ရဟန်းတစ်ပါးကို မတွေ့သဖြင့် နို၀င်ဘာ ၂ ရက် ည ၇နာရီကျော်ခန့်တွင် ဒုတိယအကြိမ် မိုးကောင်းကျောင်းတိုက်အတွင်းသို့ ပြန်လည် ၀င်ရောက်ပြီး သံဃသမဂ္ဂ (မန္တလေး) နှင့် လုံး၀ပတ်သက်ဆက်နွယ်ခြင်းမရှိသည့် ဦးအဇ္ဇုန နှင့် ရှင်ကုလသတို့ကို စာအံကျောင်း တက်နေချိန် ၀င်ရောက်ဖမ်းဆီးပြီး စစ်မေးစရာရှိ သဖြင့် ခဏခေါ်သွားမည်ဟု ကျောင်းတိုက်ဆရာတော်ကြီးကို လျှောက်ထားခေါ်ဆောင်သွားသော်လည်း နို၀င်ဘာ ၆ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်းမရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

သံဃသမဂ္ဂ ဦးဆောင်သံဃာတော်ကို ဖမ်းမမိသည့်အတွက် အခြားသံဃာများကို ပြန်ပေးဆွဲသကဲ့သို့ ဖမ်းဆီးချုပ်နှောင်ထားခြင်းအား ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး၊ ဦးအဇ္ဇုန နှင့် ရှင်ကုလသတို့အား နှိပ်စက်ခြင်းကြောင့် ကျန်းမာရေးနှင့် အသက်အန္တရာယ် တစ်စုံတရာဖြစ်ခဲ့ပါက အကြမ်းဖက် ဖမ်းဆီးခဲ့သူများ တာ၀န်ခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၃၀ ရက်ကလည်း သံဃသမဂ္ဂ (မန္တလေး) မှ ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သည့် ဦးကလျာဏ အပါအ၀င် မန္နလေး သပိတ်အင်းအားစုမှ သပိတ်တက်ကြွလှုပ်ရှားသူ ၅ ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး၊ ဦးကလျာဏကို သံခြေချင်းခတ်ပြီး ရိုက်နှက် နှိပ်စက်မှုများပြုလုပ်ခဲ့ကြောင်းသိရသည်။