သံချပ်ကာ ကားတစ်စီးနှင့် စခန်းသုံးခု ထပ်မံသိမ်းယူနိုင်ခဲ့ဟု MNDAA ဆို

Author အဂ္ဂ
Categories
Published on Nov 07, 2023

၁၀၂၇ စစ်ဆင်ရေး (၁၂) ရက်မြောက်နေ့‌ဖြစ်သော ယနေ့တွင် ကိုးကန့်ဒေသရှိ စစ်ကောင်စီ၏ တပ်စခန်း(၃) ခုနှင့် သံချပ်ကာကားတစ်စီးတို့ကို ထပ်မံသိမ်းယူရရှိခဲ့သည်ဟု ကိုးကန့်တပ် (MNDAA)၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့နံနက် (၆) နာရီ (၃၀) မိနစ်တွင် စခန်းတစ်ခု၊ (၇) နာရီခွဲဝန်းကျင်တွင် စခန်းတစ်ခုနှင့် နေ့လယ် (၁၂) နာရီ (၄၀) မိနစ်ဝန်းကျင်တွင် စခန်းတစ်ခုတို့ကို အသီးသီးသိမ်းပိုက်နိုင်ခဲ့သည်ဟု MNDAA ၏ တရုတ်ဘာသာဖြင့် ထုတ်ပြန်ချက်အရ သိရသည်။

(၁၂) နာရီ (၄၀) မိနစ်တွင် သိမ်းယူရရှိခဲ့သောစခန်းသည် နိုဝင်ဘာ (၅၊ ၆၊ ၇) သုံးရက်ကြာ တိုက်ယူခဲ့ရသော တပ်ရင်းဌာနချုပ်စခန်းဖြစ်သည်ဟုလည်း ဆိုထားသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲများအတွင်းမှ EE-9 ဘီးတပ်သံချပ်ကာကားတစ်စီးနှင့်အတူ လက်နက်ခဲယမ်းအမြောက်အမြားသိမ်းဆည်းရမိသည်ဟု MNDAA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၁၀၂၇ စစ်ဆင်ရေး စတင်သည့် အောက်တိုဘာ (၂၇) ရက်မှ ယနေ့အထိ (၁၂) ရက်အတွင်း ညီ‌နောင်မဟာမိတ်သုံးဖွဲ့ထဲမှ ကိုးကန့်တပ် (MNDAA) တစ်ဖွဲ့တည်း သိမ်းယူနိုင်ခဲ့သည့် တပ်စခန်းပေါင်း (၁၁၉) ထက်မနည်း ရှိပြီဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့တွင် စစ်ကောင်စီ၏ သံချပ်ကာကားတစ်စီး ထပ်မံသိမ်းဆည်းရရှိခဲ့ခြင်းကြောင့် စုစုပေါင်း သံချပ်ကာ ၇ စီးအထိ ညီနောင်မဟာမိတ်အဖွဲ့များက သိမ်းဆည်းရမိခဲ့ပြီဖြစ်သည်။

Related News

Depend on news