သဲကုန်းတွင် စစ်မှုထမ်းကိစ္စဆောင်ရွက်သည့် အုပ်ချုပ်ရေးမှုးနှင့် ထွေအုပ်စာရေး ပစ်ခတ်ခံရ

Published on Mar 22, 2024

ပဲခူးတိုင်း၊သဲကုန်းမြို့နယ်၊ သာပေါင်းရွာအနီးတွင် မတ် ၂၁ရက်က ဒေသခံများကို စစ်မှုထမ်းရန် ဖိအားပေးပြီး ပြန်လာသည့် အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်စာရေးကို တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ‌ထုတ်ပြန်ချက်အရ သိရသည်။

 

အုပ်ချုပ်ရေးမှူးဦးမြင့်ဆွေနှင့် ထွေအုပ်စာရေး ကိုဖြိုးအပါအဝင် စုစုပေါင်း သုံးဦးတို့သည် သဲကုန်းမြို့နယ် ဇီးကုန်းအုပ်စုရှိ ကျေးရွာများအတွင်း စစ်မှုထမ်းရန် ဖိအားပေးစုဆောင်းနေကြောင်း မြေပြင်သတင်းပေးချက်အရ သဲကုန်း- ပြည်ကားလမ်းမဘေး သာပေါင်းရွာအနီးတွင်  မွန်းလွဲ ၁၂ နာရီခန့်က လိုက်လံပစ်ခတ်ရှင်းလင်းခဲ့ကြောင်း  ၃၆၀၁ PPDFတပ်ရင်း ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံက CJ Platformသို့ ပြောသည်။

 

“ကျွန်တော်တို့ မြေပြင်သတင်းထောက်က လှမ်းပို့တာပေါ့ သူတို့ထွက်လာတာသိလို့ နောက်ကလိုက်ပစ်တာ။ ရန်ကုန်-ပြည် လူသွားလူလာများတဲ့နေရာဆိုတော့ ပစ်ပြီးတန်းဆုတ်လာတာ ဦးမြင့်ဆွေကတော့ နေရာတင် သေတယ်။ ကိုဖြိုးက ဗိုက်ကိုထိသွားပြီး ဒဏ်ရာပြင်းတယ်”ဟု အဆိုပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အတူလိုက်ပါလာသူများအနက် တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဒဏ်ရာရရှိသူ ကိုဖြိုးကို ၎င်း၏မိသားစုဝင်များက ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

 

ယင်းပစ်ခတ်မှုကို ၃၆၀၁ PPDF တပ်ရင်းတပ်ခွဲ(၅)နှင့် ၃၆၀၂ PDFတပ်ရင်း တပ်ခွဲ(၄)ပူးပေါင်း(နွေဦးမောင်)အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Related News

Depend on news