သေ့ဘော့ဘိုးကျေးရွာအနီး စစ်ကောင်စီတပ်ကို ကော်ဘရာပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် ၄ဦးေ-သဆုံးပြီး၊ ၁၀ဦးထက်မနည်း ဒဏ်ရာရ

Author လင်းခိုင်
Categories
Published on Nov 15, 2022

 

ကရင်ပြည်နယ်၊ သေ့ဘော့ဘိုးကျေးရွာအနီး ကျူးကျော်ရန် ကြိုးစားလာသည့် စစ်ကောင်စီတပ်ကို ကော်ဘရာပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်သား ၄ဦးသေဆုံးပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဖြစ်စဉ်သည် နို၀င်ဘာ ၁၄ ရက်က သေ့ဘော့ဘိုးကျေးရွာအနီး ကျူးကျော်လာသည့် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ၊ နည်းဗျူဟာ ၄၄၃ ၏ တပ်များကို ပူးပေါင်းတပ်ဖွဲ့က ညနေ ၃ နာရီခွဲမှ ည ၇ နာရီထိ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီသည် မြ၀တီ-ဝေါ်လေ ကားလမ်းပေါ်ရှိ မြွေသုံးကောင် ဘုရားအနီး နည်းဗျူဟာ ၄၄၁ အခြေစိုက် အမြှောက်တပ်ဖွဲ့ အမတ ၄၀၂၊ဒရုန်းတပ်ရင်း ၆၀၈ တို့က ၁၂၀ မမ လက်နက်ကြီးများ၊ ၁၂၂ မမ အလုံး ၄၀ အတွဲလိုက်ပစ် MLRS ဒုံးကျည်များဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် ပူးပေါင်းတပ်ဖွဲ့မှ ဗျူဟာဖြင့် ခုခံခြေမှုန်းရာ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င်များ ထိခိုက်၊ သေဆုံးများပြားစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း၊ တော်လှန်ရေးရဲဘော်များအနေဖြင့် ထိခိုက် ဒဏ်ရာရရှိခဲ့မှု မရှိကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်ရာ၊ ၅.၅၆ ကျည် ၃၇၀ တောင့်၊ ၄၀ မမဗုံးသီး ၈လုံး၊ RPG ၃တောင့်၊ ၅.၅၆ ကျည်ဘောက် ၈ခု၊ MA-2 ကျည်ဘောက် ၁ခု၊ လက်ပစ်ဗုံး ၁လုံး၊ နင်းမိုင်း ၂လုံး၊ စစ်သုံးမြေပုံ ၁ချပ်၊ ကျည်ကာ ဦးထုပ် ၁လုံး၊ စာရွက်စာတမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

မြေပြင် ကနဦးအတည်ပြုချက်များအရ စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအ၀င် ၄ဦး သေဆုံးပြီး၊ အခြားအရာရှိနှင့် အခြားအဆင့် ၁၀ ဦးထက်အနည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နို၀င်ဘာ ၁၅ ရက် နေ့လည် ၁၁ နာရီခွဲမှ စတင်ပြီး လူခို့၊ ညောင်ချောင်းအနီးတွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့အကြား နာရီ၀က်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းကထုတ်ပြန်ထားသည်။

ထို့ပြင် နို၀င်ဘာ ၁၄ ရက် နေ့လည်ပိုင်းတွင်လည်း လေ့ကေ့ကော် ရေကန်ကုန်းစခန်းရှိ စစ်ကောင်စီတပ်ကို ကော်ဘရာမှ စနိုက်ဘာဖြင့် ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးခဲ့ကြောင်း၊ နို၀င်ဘာ ၁၃ ရက်တွင်လည်း လူခို့၊ ညောင်ချောင်းဒေသတွင် စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ကောင်စီဘက်မှ ၁ ဦးသေဆုံးပြီး IO အရာရှိအပါအ၀င် ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။

လက်ရှိ KNU တပ်မဟာ ၆ နယ်မြေ၌ KNLA တပ်ရင်း ၂၇၊ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၏ တပ်ခွဲ ၂၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်များ အကျအဆုံးများလျက်ရှိသည်။

ဓာတ်ပုံ- ကော်ဘရာ

Website Link: https://cjplatform.com/

Telegram Link: https://t.me/cjplatform

YouTube Link: https://www.youtube.com/@cjplatform

Twitter Link: https://twitter.com/CjPlatform

#CjPlatform #ကော်ဘရာ #စနိုက်ဘာ #လူခို့