သေဒဏ်ကျ ဗိုလ်မှူးချုပ်များအနက် တစ်ဦးကို ဒိုက်ဦးအကျဉ်းထောင်သို့ ပြောင်းရွေ့ ၎င်းတို့အား သေဒဏ်ပေးပြီးနောက် တပ်ဖျောက်ထွက်ပြေးသည့် ဗိုလ်မှူးချုပ်ကို စွမ်းရည်ဘွဲ့ ပေးရန် စီစဉ်ထားဟုဆို

Author လင်းနွေဦး
Categories
Published on Feb 20, 2024

လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် တစ်ခုလုံး မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)ထံသို့ လက်နက်ချခဲ့ရသည့် ဖြစ်စဉ်အတွင်း တာဝန်ရှိ ဗိုလ်မှူး ချုပ် ထွန်းထွန်းမြင့်အား ၎င်း၏ တပည့်များမှ လာရောက်ကယ်တင်မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အင်းစိန်ထောင်မှ ဒိုက်ဦးထောင်သို့ ပြောင်းရွေ့ ထားပြီး လက်နက်မချဘဲ တပ်ဖျောက် ထွက်ပြေးခဲ့သည့် ဗိုလ်မှူးချုပ်အား စွမ်းရည်ဘွဲ့ပေးရန် စစ်ကောင်စီ စီစဉ်နေသည်ဟု CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လောက်ကိုင်မြို့အနီးရှိ ဒေသကွပ်ကဲမှုဌာနချုပ်(ဒကစ) တစ်ခုလုံး ဇန်နဝါရီ ၄ ရက်နေ့ ညပိုင်းတွင် MNDAA နှင့် မဟာမိတ် ပူးပေါင်းတပ်များထံသို့ လက်နက်ချ အညံ့ခံမှု အတွင်း လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မိုးကျော်သူ၊ ကိုးကန့်ဒေသ စစ်ကောင်စီ ဥက္ကဌ ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့်၊ တပ်-၅၅ ခြေမြန် တပ်မဌာနချုပ် ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း၊ အမှတ် (၁၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦး၊အမှတ် (၁၆) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သော်ဇင်ဦး နှင့် အမှတ်(၁၂) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လင်း တို့မှ ဦးဆောင်၍ စစ်သည်အင်အား ၂၃၉၅ ဦးမှာ လက်နက်ချ အညံ့ခံခဲ့ခြင်း ဖြစ်သည်။

 

အရာရှိ ၆ ဦး အား တရုတ်နိုင်ငံ မှ ကြားဝင်ဦးဆောင်ခဲ့သည့် စစ်ကောင်စီနှင့် MNDAA တို့ ကြား ညှိနှိုင်းမှုအတွင်း MNDAA ဘက်မှ စစ်ကောင်စီ လက်သို့ ယင်း အရာရှိ ၆ ဦးအား ပြန်လည် လက်လွှဲခဲ့ရာတွင် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် သို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်သွားခဲ့ကာ ဖမ်းဆီးထိန်းသိမ်းပြီးနောက် မကြာမီ ရက်ပိုင်း ဇန်နဝါရီ လလယ် ပိုင်းတွင် အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ် ပြောကြားချက်အရ သိရသည်။

 

“ထွန်းထွန်းမြင့် အပါအဝင် သုံးဦး(ထွန်းထွန်းမြင့်၊မိုးကျော်သူ၊ဇော်မျိုးဝင်း)က သေဒဏ်ပဲ၊ သေချာတယ် ။ ထွန်းထွန်းမြင့်ဆို ခုရူးသလိုဖြစ်နေတယ် သူ့ကို သူ့တပည့်တွေက ကယ်ထုတ်ဖို့လည်း ကြားနေတော့ နေရာပြောင်းလိုက်တာ”ဟု တပ်တွင်းသတင်းရင်းမြစ်မှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီမှ ပြစ်ဒဏ်ချမှတ်ထားသည့် အရာရှိ ၆ ဦး အနက် ဗိုလ်မှူးချုပ် ထွန်းထွန်းမြင့် တစ်ဦးတည်းအား ဒိုက်ဦးထောင်သို့ လွှဲပြောင်းပို့ဆောင်ပေးခဲ့ရုံမက ကျန် အရာရှိ ၅ ဦးအား အင်းစိန်ထောင်တွင်းရှိ အထူးဆောင် ၁၀ခန်းတွဲ တိုက် တွင် သီးခြားလုံခြုံရေးယူ၍ ထားရှိထားကြောင်း သိရသည်။

 

ကျန်ရှိ အရာရှိ ၅ ဦးအနက်မှ လည်း ကနဦး ထောင်ဒဏ် တစ်သက်တစ်ကျွန်းဟု ချမှတ်ခံထားရသည့် ဗိုလ်မှူးချုပ် အောင်ဇော်လင်း၊ ဗိုလ်မှူးချုပ် အေးမင်းဦး နှင့် ဗိုလ်မှူးချုပ် သော်ဇင်ဦး တို့ ၃ ဦးအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ရာမှ သေဒဏ်အထိ တိုးမြှင့်ချမှတ်ရန် ပြင်ဆင်နေသည် ဟု ကြားသိရသော်လည်း CJ Platform မှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးချေ။

 

“တပ်ထဲမှာ သူတို့ကို ဖမ်းမထားဘဲ အပြင်ထောင်တွေကိုပဲ သုံးနေတာက တပ်ထဲမှာဆိုရင် ကိုယ့်လူကိုယ် ပြန်ကယ်ထုတ်တာတွေ ဆရာ၊တပည့်မို့ ကာကွယ်တာတွေက ရှိလာနိုင်တယ်လေ သူတို့ရာထူးနဲ့က တပည့်တွေ အများကြီးရှိခဲ့တာလေ”ဟု တပ်တွင်းအရေးကိစ္စအား ထောင်တွင်း၌ ပြုလုပ်ရသည့် အကြောင်းနှင့် ပတ်သတ်၍ CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်မှ ပြောသည်။

 

လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် တစ်ခုလုံး MNDAA နှင့် မဟာမိတ် ပူးပေါင်းတပ်များထံ လက်နက်ချသည့်ဖြစ်စဉ် အတွင်း လောက်ကိုင်မြို့အနီးရှိ ပွိုင့် ၂၂၀၂ ခံစစ်စခန်းအား တာဝန်ယူရသူ အမှတ် (၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် မင်းမောင်သည်  စစ်ကူလာရောက်ပေးခြင်းမပြုဘဲ နောက်လိုက်အင်အား ၃၅၀ ကျော်နှင့် တပ်ဖျောက် ထွက်ပြေးခဲ့သည့် အပြင် စစ်ကောင်စီ မှ လာရောက်ခေါ်ယူသည့် ရဟတ်ယာဉ်များဖြင့် တန်ယန်းမြို့ရှိ အမှတ် (၃၃) ခြေလျင် တပ်ရင်း သို့ သွားရောက်ခိုလှုံခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

 

ဗိုလ်မှူးချုပ် မင်းမောင် နှင့် ပတ်သတ်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကြား သူကောင်းပြုရန် သဘောထားကွဲလွဲမှုများ ရှိနေခဲ့ သည့်အပြင် လက်နက်ချ ဗိုလ်မှူးချုပ်များအား သေဒဏ်ပေးပြီးနောက်မှသာ ဗိုလ်မှူးချုပ် မင်းမောင်အား စွမ်းရည် ဘွဲ့ပေးအပ်ရန် စီစဉ်နေသော်လည်း သူ့တပည့် ကိုယ့်တပည့် ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်သည်ဟုဆိုကာ တပ်တွင်း ထကြွပုန်ကန်မှုများ မဖြစ်စေရေးအတွက် ဗိုလ်မှူးချုပ် မင်းမောင်အား စစ်ကောင်စီမှ လျှို့ဝှက်ထားရှိပြီး ၎င်းတည်နေရာကို မည်သူမျှ အသိပေးထားခြင်း မရှိကြောင်း CJ Platform ၏ တပ်တွင်းသတင်းရင်းမြစ်ထံမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာညွှန်း – လောက်ကိုင် ဒကစ တစ်ခုလုံး လက်နက်ချပြီးနောက် ကိုးကန့်ဒေသ နယ်မြေတစ်ခုအတွင်း တွေ့ရသည့် ဗိုလ်မှူးချုပ်များ (ပုံဟောင်း)