သေဆုံးစစ်ကောင်စီတပ်သား ၇ ဦးနှင့် လက်နက်ခဲယမ်းများ AA သိမ်းပိုက်ရရှိ၊ ထိုးစစ်အရှိန် ဆက်လက်မြှင့်တင်
ရခိုင်ပြည်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင် ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော စစ်ကောင်စီစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော် (AA)တို့ ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၇)ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့သည်ဟု AA info Desk မှ ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ အင်အား ၈၀ ပါစစ်ကြောင်းနှင့် ရက္ခိုင့်တပ်တော်တို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက် ညနေ ၄ နာရီ ၂၀ မိနစ်ဝန်းကျင်က ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းပေါ်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများရှိသဖြင့် ကစဉ့်ကလျားထွက်ပြေးခဲ့ကြကြောင်း ရက္ခိုင့်တပ်တော်က ဆိုသည်။
ထို့ပြင် ရက္ခိုင့်တပ်တော် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် ပုဏ္ဏားကျွန်းမြို့ရှိ ခမရ ၅၅၀ ကို အလုံးစုံသိမ်းပိုက်နိုင်ရန် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။
စစ်ကောင်စီမှ ယင်းအခြေစိုက်စခန်း မကျစေရေး လေကြောင်း/လက်နက်ကြီးပစ်ကူ အမြောက်အမြားအသုံးပြုကာ ခုခံကာကွယ်နေရသော်လည်း အလုံးစုံသိမ်းပိုက်နိုင်ရန် လက်တစ်ကမ်း ရောက်ရှိနေပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။
ရခိုင်ပြည်ဒေသအနှံ့အပြားတွင် စစ်စခန်းအမြောက်အမြားကို လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် အရပ်ဘက်ဆိုင်ရာပစ်မှတ်များဖြစ်သည့် ပြည်သူများနေထိုင်ရာ ရပ်ကွက်၊ စာသင်ကျောင်း ၊ ဆေးရုံစသည်တို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၈ နာရီ ခွဲဝန်းကျင်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်တွေမြို့ ကိုရီးယား ဆိပ်ကမ်းဈေးအတွင်းသို့ စစ်ကောင်စီလက်အောက်ခံ ရေတပ်စစ်သင်္ဘောတစ်စင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဈေးအတွင်းရှိ ပြည်သူ ၁၂ ဦး သေဆုံးခဲ့ရသည့်အပြင် ၅၀ ဦးကျော် ဒဏ်ရာပြင်းထန်ကာ ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။