သေကြောင်းကြံစည်မှု ၁၀၀ ခန့်နှင့် ဆက်နွှယ်နေသော ကနေဒါနိုင်ငံသား

Author အဂ္ဂ
Categories
Published on Oct 02, 2023

Ashtyn Prosser အပါအဝင် မိမိကိုယ်ကို သတ်သေသူ ၁၄ ဦးကို ကူညီပေးခဲ့သည့်ဟုဆိုသော Kenneth Law ကို ကနေဒါရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သည်။ နောက်ထပ်သေဆုံးမှု ၈၈ ခုကိုလည်း ဗြိတိန်အမျိုးသား မှုခင်းအေဂျင်စီ (Britain’s National Crime Agency)က စုံစမ်းစစ်ဆေးလျက်ရှိသည်။

Mr.Law သည် တိုရွန်တိုမြို့ စားသောက်ဆိုင်တွင် ထမင်းချက် အဖြစ်လုပ်ကိုင်‌နေသည့်အတွက် အဆိပ်သင့်ဆားဟု ခေါ်ကြ‌သော ဆိုဒီယမ်နိုက်ထရိတ်ကို သုံးစွဲခွင့်ရခဲ့သည်။ ထိုဆားသည် အစားအစာများထဲထည့်ပါက အရသာနှင့် အရောင်ကို ထူးကဲလေးနက်စေသော်လည်း တိုက်ရိုက်စားသုံးပါက သေစေနိုင်သည်။ သူသည် နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းရှိ မိမိကိုယ်ကိုယ် သတ်သေလိုသည့်သူများထံ အဆိပ်သင့်ဆားများ ပေးပို့ခဲ့ပြီး ထိုသူများသေဆုံးခဲ့မှုသည် အ‌ဆိုပါဆားကြောင့်ဆိုသည်မှာ သေချာသည်ဟု ကနေဒါအာဏာပိုင်များကဆိုသည်။

တိုရွန်တိုမြို့ အနောက်ဘက်ရှိ Mississauga မှ အသက် ၅၇ နှစ်ရွယ် ထမင်းချက် Kenneth Law သည် အဆိပ်သင့်ဆားများ တင်ပို့ရောင်းချသည့် လုပ်ငန်းကို လုပ်ဆောင်နေပြီး သူ၏ ၀က်ဘ်ဆိုက်တွင် လာရောက်ဝယ်ယူသည့် နိုင်ငံပေါင်း ၄၀ မှ လူများထံ အဆိပ်သင့်ဆားထုပ်ပေါင်း ၁၂၀၀ ခန့် ပို့ဆောင်ပေးခဲ့သည်ဟု စွပ်စွဲခံထားရသည်။

ကနေဒါနှင့် ဗြိတိန်တို့တွင် Mr.Law ၏ စီးပွားရေးလုပ်ငန်းများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေချိန်တွင် ကိုယ့်ကိုယ်ကိုယ် သတ်သေသူ (၁၄) ဦးကို ကူညီပေးမှုဖြင့် ကနေဒါအာဏာပိုင်များက သူ့ကို စွဲချက်တင်ထားခြင်းဖြစ်သည်။

Mr.Law သည် ကနေဒါနိုင်ငံအတွင်း အဆိပ်သင့်ဆားထုပ်ပေါင်း ၁၆၀ ကို တင်ပို့ခဲ့ကြောင်း စုံစမ်းရေးမှူးများက ပြောသည်။ ကနေဒါနိုင်ငံအတွင်း သေဆုံးခဲ့သူ (၁၄) ဦးကိုလည်း အကြံဉာဏ်ပေးခြင်း သို့မဟုတ် သတ်သေရန် ကူညီပေးခြင်းတို့ကြောင့် အွန်တာရီယိုရှိ ရဲဌာနအများအပြားကလည်း သူ့ကို တရားစွဲဆိုထားသည်။ သေဆုံးသူများမှာ အသက် ၁၆ နှစ်မှ ၃၆ နှစ်ကြားဖြစ်ကြသည်။

Mr.Law ၏ ၀က်ဘ်ဆိုဒ်မှ ဆားများ ဝယ်ယူခဲ့သော ဗြိတိန်နိုင်ငံသား ၂၇၂ ဦးအနက် ၈၈ ဦး သေဆုံးမှုကို စုံစမ်းစစ်ဆေးနေကြောင်း ဗြိတိန် အမျိုးသားမှုခင်း အေဂျင်စီ (Britain’s National Crime Agency) မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

ရုံးတင်ကာ အမှုမစစ်ဆေးရသေးသည့် Mr.Law ကို ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၂၇) ရက်နေ့က စတင်ရုံးထုတ်စစ်ဆေးခဲ့ပြီး နောက်ထပ်ကြားနာမှုကို အောက်တိုဘာ ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။ လက်ရှိတွင် အွန်တာရီယိုရှိ အကျဉ်းထောင်တစ်ခုတွင် သူ့ကိုထိန်းသိမ်းထားသည်။

“သူက အပြစ်ရှိကြောင်း ထွက်ဆိုမှာ မဟုတ်ပါဘူး” ဟု အမှုကိုဆင့်ခေါ်ခဲ့သည့် သူ၏ရှေ့နေ Matthew Gourlayကပြောသည်။ ဆက်လက်၍ “ဒါက ဝတ္ထုဆန်ဆန် ဥပဒေကို အသုံးချ‌နေ တာလည်းဖြစ်ပါတယ်”ဟု အီးမေးလ်ဖြင့် ပြောကြားခဲ့သည်။

“ကနေဒါက အလားတူ တရားစွဲဆိုမှုတွေကို တစ်ခုမှ ကျွန်တော်တို့ နားမလည်နိုင်ပါဘူး၊ ရာဇဝတ်မှုဆိုင်ရာ တားမြစ်ချက်တွေကို ဖောက်ဖျက်တယ်ဆိုတဲ့ ခိုင်လုံမှုမျိုး မရှိတဲ့အတွက် Mr. Law ကို စွဲချက်တင်စရာ မလိုဘူးလို့ထင်ပါတယ်၊ ရှင်းရှင်းပြောရရင် ဒါက လက်ခံနိုင်စရာမရှိပါဘူး” ဟု မစ္စတာ Gourlay မှ ပြောကြားခဲ့ပါသည်

ကနေဒါနိုင်ငံသည် မကြာသေးမီက ကမ္ဘာပေါ်တွင် လွတ်လပ်မှုအရှိဆုံး နိုင်ငံတစ်ခုဖြစ်လာစေမည့် မိမိကိုယ်ကို သတ်သေခြင်းဆိုင်ရာ ဥပဒေ ဖြေလျှော့ပေးရေးအတွက် အ‌ချေအတင် ငြင်းခုန်ဆွေးနွေးနေသည့် အချိန်တွင် Mr.Law ကို တရားစွဲဆိုမှု ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကနေဒါနိုင်ငံသည် ၂၀၂၁ ခုနှစ်ကတည်းက ရောဂါကျွမ်းနေသော အခြေအနေမဟုတ်သည့်တိုင် နာတာရှည်ဝေဒနာခံစားနေရသည့်သူများကို မိမိကိုယ်ကို သတ်သေနိုင်ရန် ခွင့်ပြုပေးထားသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။

သို့သော် သေလုမြောပါးဝေဒနာခံစားနေရသော လူနာသည် ဥပဒေကြောင်းအရ မိမိကိုယ်ကို သတ်သေရန်အတွက် သမားတော်တို့၏ စစ်ဆေးစမ်းသပ်မှုကို ခံယူရသလို မိမိကိုယ်ကိုသတ်သေရန် ခွင့်မပြုခင်တွင်လည်း အခြားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါသည်။ အဆိုပါ သမားတော်တို့သည် အမြင့်ဆုံးထောင်ဒဏ် (၁၄) နှစ်ထိ ကျခံရနိုင်သော မိမိကိုယ်ကိုယ်သတ်သေရန်အတွက် အကြံဉာဏ်ပေးခြင်း၊ကူညီပေးခြင်းတို့ကြောင့် ရာဇဝတ်မှုမြောက်သည့်တရားစွဲဆိုခံရမှုများမှ ကင်းလွတ်ခွင့်ရထားသူများလည်း ဖြစ်သည်။

“ကျွန်တော်တို့ လူ့အသိုင်းအဝိုင်းက စိတ်ပျက်အားငယ်နေတဲ့သူတွေကို သားကောင်သဖွယ် ပစ်မှတ်ထားတဲ့ ဘယ်ဥပေဒေမဲ့လုပ်ရပ်မျိုးကိုမဆို ကျွန်တော်တို့ သည်းခံမှာမဟုတ်ပါဘူး၊ တာဝန်ရှိသလို အရေးယူဆောင်ရွက်သွားမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိစေချင်ပါတယ်” ဟု ကနေဒါစုံစမ်းစစ်ဆေးရေးတွင် ပါဝင်ခဲ့သည့် York ဒေသရဲတပ်ဖွဲ့မှ Inspector Simon James က ပြီးခဲ့သည့်လက ပြုလုပ်ခဲ့‌သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

Ontario အနောက်မြောက်ပိုင်းရှိ Thunder Bay က ရဲများသည် Ashtyn Prosser သည် မစ္စတာ Law ထံမှ အဆိပ်သင့်ဆားများကိုဝယ်ယူသူများထဲတွင် ပါဝင်သည်ဟု ထင်မြင်ယူဆသည်။ Ashtyn Prosser သည် အသက် ၂၀ မပြည့်မီ တစ်လအလို မတ်လတွင် ကွယ်လွန်ခဲ့ကြောင်း သူ၏မိခင် Kim Prosser က ပြောကြားခဲ့သည်။

“ကျွန်မဘယ်သူလဲဆိုတာကို ဘယ်တော့မှမပြောင်းလဲနိုင်တဲ့ အရာတစ်ခုကတော့ သားသမီးတစ်ယောက် ဆုံးရှုံးလိုက်ရတာပါပဲ” လို့ Ms.Prosser က ပြောသည့်အပြင် သူ၏ သားဖြစ်သူသည် ကပ်ရောဂါကာလအတွင်း စိတ်ကျန်းမာရေးပြဿနာများဖြင့် ရုန်းကန်နေရသည်ဟုလည်း ဖြည့်စွက်ပြောကြားသည်။

သူမ၏ ဘယ်ဘက်လက်ဖျံတွင် ငှက်သုံးကောင်တက်တူးရေးထိုးထားပြီး အဆိုပါတက်တူးသည် ပြီးခဲ့သည့် ခရစ်စမတ်တုန်းက Mr.Prosser ရေးဆွဲထားသည့် ဒီဇိုင်းကို Mr.Prosser၊ သူမနှင့် သူ၏အစ်ကို Drake တို့သုံးဦး ဆင်တူထိုးခဲ့သည့် တက်တူးလည်းဖြစ်သည်။

2020 ခုနှစ်နှောင်းပိုင်းကတည်းက အွန်လိုင်းတွင် ကုန်ပစ္စည်းများ ရောင်းချနေသည်ဟု ထင်မြင်ယူဆရသည့် Mr. Law ကို အခြားသောပြည်နယ်နှင့် နိုင်ငံများက အာဏာပိုင်များလည်း အတူပူးပေါင်းကာ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

ယခုလထဲတွင် အဆိပ်သင့်ဆားပါဆယ်အချို့သည် မွန်ထရီရယ်မြို့ထဲရှိ လိပ်စာများသို့ ပို့ဆောင်ခဲ့သည့်အတွက် ပါဆယ်လက်ခံထားသူများ၏ အချက်အလက်များ ရရှိနိုင်ရန်နှင့် အခြားသူများ သတင်းအချက်အလက် ကြိုတင်ရရှိထားရန်အတွက် စုံစမ်းစစ်ဆေးမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လူထုထံမေတ္တာရပ်ခံကြောင်းကို မွန်ထရီရယ် ရဲတပ်ဖွဲ့ကကြေညာခဲ့သည်။

ကနေဒါနိုင်ငံ အနောက်ပိုင်းရှိ Calgaryမြို့တွင် အာဏာပိုင်များသည် Mr.Law နှင့် ဆက်နွှယ်နိုင်သည့် သေဆုံးမှုနှစ်ခု၏ စုံစမ်းစစ်ဆေးမှုထဲတွင်ပါဝင်သော အဆိပ်အတောက်စစ်ဆေးမှု၏ နောက်ဆုံးအစီရင်ခံစာကို စောင့်ဆိုင်းနေကြောင်း မြို့တော်ရဲဌာနက ပြောသည်။ British Columbia တွင် လုပ်ဆောက်လျက်ရှိသော စုံစမ်းစစ်ဆေးမှု ခြောက်ခုထက်မနည်းသည် အခြားရဲတပ်ဖွဲများမှ ပေးပို့သော အချက်အလက်များကြောင့် အစပျိုးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စများ အားလုံး သေဆုံးမှုနှင့် ဆက်စပ်မှု ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မဖော်ပြထားပါဟု တော်ဝင် ကနေဒါ မြင်းစီးရဲတပ်ဖွဲ့မှ Sgt.Kris Clark ကပြောသည်။

အိုင်ယာလန် အမျိုးသားရဲတပ်ဖွဲ့ထံသို့ ကနေဒါ အာဏာပိုင်များမှ ပေးပို့လာသောလိပ်စာများတွင် လူမှုဖူလုံရေးထောက်ပံ့ရန် စစ်ဆေးမှုများလုပ်ဆောင်နေစဉ်အတွင်း ရုတ်တရက်သေဆုံးမှု ဖြစ်စဉ်အနည်းငယ်ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောရေးဆိုခွင့်ရှိသူ Sgt. Sean Mac Seion က email ဖြင့် ဖြေကြားခဲ့သည်။

Mr.Law ကို မေလတွင် ဖမ်းဆီးခဲ့ပြီး အမှု နှစ်ခုဖြင့် တရားစွဲဆိုခဲ့ကာ သြဂုတ်လတွင် နောက်ထပ် စွဲချက် ၁၂ ခုဖြင့် စွဲချက်တင်ခဲ့သည်။ Mr.Law သည် တိုရွန်တိုမြို့လယ်ရှိ ဇိမ်ခံဟိုတယ်တစ်ခုဖြစ်သည့် Fairmont Royal York တွင် ထမင်းချက်အဖြစ် လုပ်ကိုင်ခဲ့ကြောင်း သူအဖွဲ့ဝင်ထားသော အလုပ်သမားသမဂ္ဂ Unite Here ၏ပြောကြားချက်အရသိရသည်။ Mr.Law ကိုဟိုတယ်ကနေ ထုတ်ပယ်လိုက်သည်ဟု သမဂ္ဂစည်းရုံးရေးမှူး Kevin Abels ကပြောသည်။။ Fairmont ဟိုတယ်ကမူ မှတ်ချက်ပေးရန် တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ခြင်းမရှိပါ။

Mr.Law နှင့်ဆက်နွှယ်သည်ဟု စွပ်စွဲခံထားရသည့် သေကြောင်းကြံစည်မှုများသည် ရဲတပ်ဖွဲ့များက သူ၏ အွန်လိုင်းစီးပွားရေးကို စတင်လည်ပတ်လုပ်ကိုင်ခဲ့သည်ဟု ယူဆထားသည့် ၂၀၂၀ နှောင်းပိုင်းနောက်ပိုင်းမှသာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့သော် Mr.Law ကို တရားစွဲဆိုမှုများ၏ အခြားတစ်ဖက်တွင်လည်း အဆိပ်သင့်ဆားကို အသုံးပြုကာမိမိကိုယ်ကို သတ်သေမှုများ မြင့်တက်လာသည်ကို သတိပြုမိကြောင်း အွန်တာရီယိုရှိ ကျန်းမာရေး ကျွမ်းကျင်သူများက ပြောကြားမှုများလည်းရှိသည်။

Ontario ပြည်နယ်တွင် အဆိပ်သင့်ဆားများကို အသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်မှု 25 ခုကို တွေ့ရှိခဲ့ပြီး အများစုမှာ 2018 နှင့် 2020 အတွင်း ဖြစ်ပွားခဲ့ကြောင်း Ontario Forensic Pathology Service မှ မှုခင်းရောဂါဗေဒပညာရှင် ဒေါက်တာ Tyler Hickey က ပြောကြားခဲ့ပါသည်။

ဆိုဒီယမ်နိုက်ထရိတ်ကို ထိန်းညှိပေးသည့် အေဂျင်စီ တစ်ခုဖြစ်သည့် Health Canada သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်မှစတင်ကာ ဓာတုပစ္စည်းများ၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ဆန်းစစ်လေ့လာခဲ့သည်။

မိမိကိုယ်ကို နာကျင်စေရန်အတွက် ဓာတုပစ္စည်းများ စားသုံးသူများ၏ “စိုးရိမ်ပူပန်မှုအလားအလာများ”ကို တုန့်ပြန်နိုင်ရန် အဆိပ်သင့်သည့်နည်းလမ်းများကုသနိုင်သည့် လမ်းညွှန်ချက်များရေးဆွဲကာ ဆေးရုံဆေးခန်းများအတွက် ၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့ကြောင်း ကျန်းမာရေးအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ André Gagnon က email ဖြင့် ပြောကြားခဲ့သည်။

Mr.Lawက သူ၏ထုတ်ကုန်များကို ရောင်းချရာတွင် အသုံးပြုသည့် ဝက်ဘ်ဆိုဒ်များကို ဖြုတ်ချပစ်ပြီးပြီဟု ရဲတပ်ဖွဲ့က ပြောသည်။ ကွန်ပျူတာများကို အလွန်နှစ်သက်သည့်အတွက် အသက် (၁၃) နှစ်သားအရွယ်ကပင် ကိုယ်ပိုင်ကွန်ပျူတာ တည်ဆောက်ခဲ့သော သူမ၏ သားသည် မိမိကိုယ်ကိုယ်သတ်သေရာတွင် အသုံးပြုခဲ့သည့် ဓာတုပစ္စည်းများကို အွန်လိုင်းဖိုရမ်များမှ တဆင့်ရှာဖွေခဲ့သည်ဟု Ms.Prosser တစ်ယောက် ယုံကြည်လျက်ရှိသည်။

Ms.Prosser သည် Mr.Law ၏ ရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် အမှုဖွင့်အရေးယူခြင်းမရှိပါ၊ သို့သော် သားဖြစ်သူကိုအမှတ်ရသည့်အနေဖြင့် အကျိုးအမြတ်မယူသော စိတ်ကျန်းမာရေးအဖွဲ့အစည်း တစ်ခုထောင်ကာ ထိုအဖွဲ့တွင် ပါဝင်လှုပ်ရှားလျက်ရှိပါသည်။

“ကျွန်မသား သေဆုံးမှုအတွက် သူ့ကို အပြစ်မတင်ပါဘူး။ ကျွန်မသားသေဆုံးမှုအတွက် ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူး” ဟု မျက်ရည်လည်ရွဲဖြင့်ပြောကြားခဲ့သည်။ “ကျွန်မ မတူကွဲပြားတဲ့ တစ်ခုခုကို လုပ်နိုင်မလား ဒါမှမဟုတ် ဒီထက်ပိုပြီး လုပ်လို့ရမလား၊ သူက ဒီမှာပဲ ရှိနေမှာလား။ မိဘတစ်ယောက်အနေနဲ့ ဒီမေးခွန်းကို ဘယ်တော့မှ ရှောင်နိုင်မယ်မထင်ဘူး၊ တခြားသူကို အပြစ်ဖို့လိုက်ရတာ ဘယ်လောက်လွယ်မယ်ဆိုတာ ငါနားလည်ပါတယ်။”ဟု ထပ်လောင်းပြောကြားသည်။

မူရင်းဆောင်းပါး – The New York Time
Police Investigate About 100 Suicides Linked to Canadian Man