“သူတောင်းစား”

Author အယ်ဒီတာအဖွဲ့
Categories
Published on Sep 23, 2022

ယခုရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက်များတွင် သူတောင်းစားတစ်ဦး၏ တစ်နေ့ဝင်ငွေသည် မည်မျှရှိသည်၊ မည်သို့ လုပ်ဆောင်နေသည်ဟု ရေးသားမှုများ ခပ်စိပ်စိပ်တွေ့မြင်လာရသည်။ သူတောင်းစားအမျိုးသမီးတစ်ဦး ငွေစက္ကူအကြွေများ လာရောက်လဲလှယ်နေသည်ဟုဆိုသည့် ရုပ်သံမှတ်တမ်းတစ်ခုမှာလည်း လူအများကြည့်ရှု့ပြီးဖြစ်မည်။
မြို့နယ်တစ်ခု၏ အကြောင်းဆိုကာ ယောဂီဝတ်အမျိုးသမီး ရွှေတိဂုံဘုရားတွင် တောင်းရမ်းခြင်း၊ ရဟန်းအယောင်ဆောင်ကာ နိုင်ငံကူးလက်မှတ်လာရောက်လျှောက်ထားသူများထံမှ တောင်းရမ်းခြင်း စသည့်ဖြစ်စဉ်များကို မျှဝေထားသည့် မျှဝေမှုများကိုလည်း ဖတ်ရှု့ကြရပြီးဖြစ်မည်။
လူမှုကွန်ရက် အသုံးပြုသူအချို့သည် တောင်းရမ်းစားသောက်ခြင်းအား လုပ်ငန်းတစ်ခုသဖွယ် လုပ်ဆောင်လိုကြောင်း မိမိတို့ထက် ဝင်ငွေပိုမိုရရှိနေကြောင်း၊ လှူဒါန်းမှုများကို စိစစ်လုပ်ဆောင်ရန် လိုအပ်ကြောင်းကိုလည်း မှတ်ချက်အမျိုးမျိုးပြုကာ မျှဝေမှုများ ရှိခဲ့သည်။
သူတောင်းစားဆိုသည့် အနက်အား တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဟု ဆိုရမည်ဖြစ်သည်။
အလှူခံပုဂ္ဂိုလ်နှင့် သူတောင်းစားဆိုသည့် အနက်အဓိပ္ပါယ်သည် တူညီခြင်းမရှိ ကွဲပြားသည်။
သူတောင်းစားသည် တောင်းရမ်းစားသောက်ခြင်းဖြင့်အသက်မွေးဝမ်းကျောင်းပြုသူဖြစ်ပြီး အလှူခံပုဂ္ဂိုလ်သည် မိမိလိုအပ်သည့်အရာကို ထောက်ပံ့နိုင်မှုကိုသာ အလိုရှိသော ပုဂ္ဂိုလ်ဖြစ်သည်။ မိမိစားသောက် နေထိုင်နိုင်ရန်အတွက် အလှူခံခြင်းမဟုတ် မိမိလုပ်ဆောင်နေသည့် တာဝန် ဝတ္တရားများအား ကျေပွန်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည်ကိုသာ အလှူခံခြင်းဖြစ်သည်။
သူတောင်းစားများကို လှူသင့်မလှူသင့်ဟူသည့် မှတ်ချက်အမျိုးမျိုးအား လူမှုကွန်ရက်များတွင် မြင်ရမည်ဖြစ်သည်။ မြန်မာ့စိတ်ရင်းသည် ကရုဏာကြီးသည် မျှဝေလိုကြသည် သနားစိတ်ကြီးမားကြသည်။ အသွင်အမျိုးမျိုးသော သူတောင်းစားများကို လှူဒါန်းလိုသည်။ သူတောင်းစားဟူသည် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် တောင်းရမ်းနေမည်သာ ဖြစ်သည်။ ထိုသူ လိုအပ်သည်ဟု ထင်ပါက စွန့်ကြဲပြီး မလိုသည်ဟု ထင်ပါက မစွန့်ကြဲရန် လိုအပ်သည်။ မိမိတို့ ဆန္ဒမျက်မြင်အတိုင်း ဆုံးဖြတ်ကြရမည်ဖြစ်သည်။ သူတောင်းစားသည် စွန့်ကြဲလာစေရန် ဆွဲဆောင်မည်ဟု အမှန်ဖြစ်သည်။
မြန်မာနိုင်ငံ၏ နွေဦးတော်လှန်ရေးသည် ပြည်သူတို့၏ လှူဒါန်းမှု စွမ်းအားဖြင့် ကာလရှည်ကြာ စစ်အာဏာရှင်ကို တုပ တွန်းလှန်နေနိုင်ကြခြင်း ဖြစ်သည်။ ပြည်သူတို့၏ ပံ့ပိုးမှုဖြင့် အောင်ပွဲရည်သန်ကာ ယနေ့အချိန်ထိ အံ့မခန်း စွမ်းဆောင်နေနိုင်ခြင်းဖြစ်သည်။
တော်လှန်ရေးကာလအတွင်း တော်လှန်ရေး သူတောင်းစားများနှင့် တော်လှန်ရေး အလှူခံပုဂ္ဂိုလ်များအား ပြည်သူများအနေဖြင့် တိပစွာ ခွဲခြား သိရှိနေရန် လိုအပ်သည်။ အလှူခံပုဂ္ဂိုလ်သည် မိမိလုပ်ဆောင်နေသည့် တာဝန် ဝတ္တရားများအား ကျေပွန်အောင် လုပ်ဆောင်နိုင်ရန် လိုအပ်သည်ကိုသာ အလှူခံခြင်းဖြစ်သည်။ သူတောင်းစားသည် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူဖြစ်သည်။
အကျိုးရှိသော ပံ့ပိုးခြင်းနှင့် သနားသဖြင့် စွန့်ကြဲခြင်းကို ခွဲခြားနိုင်ရမည်ဖြစ်သည်။ သို့မှသာ တော်လှန်ရေး အဖိတ်အစဉ်နည်းပါးကာ အောင်ပွဲမြန်မည်ဖြစ်သည်။
ကာတွန်း- ဂျင်ကလိ