သူငယ်ချင်း လင်မယားမှ ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်မှုကိုခံခဲ့ရသည့် အမျိုးသမီးငယ် တစ်ဦးအား ဒဏ်ရာများဖြင့် ပြန်တွေ့

Author မေ
Categories
Published on Nov 06, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သူငယ်ချင်း လင်မယားမှ ဓါးဖြင့်ထိုးကာ ဆိုင်ကယ်လုယက်ခံခဲ့ ရသည့် အမျိုးသမီးငယ် တစ်ဦးအား ဒဏ်ရာများဖြင့် ယနေ့ (နိုဝင်ဘာ ၆ရက်)က ပြန်တွေ့ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၅ရက် နေ့လည်ပိုင်းက ရေးမြို့နယ် နှစ်ကရင်ကျေးရွာနေ အသက် ၁၆နှစ်အရွယ် အမျိုးသမီးငယ်အား သူငယ်ချင်း မိန်းကလေးတစ်ဦးက နေအိမ် အနီးရှိ ဘောလုံးကွင်းနားသို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ပေးရန် ပြောသဖြင့် ဆိုင်ကယ်အား မောင်းနှင်ကာ လိုက်ပို့ခဲ့ကြောင်း သိရသည်။ ထိုသို့ လိုက်ပို့စဉ် နှစ်ကရင်ကျေးရွာ သင်္ချိုင်းကုန်းအနီး အရောက်၌ အသင့်စောင့်ဆိုင်းနေသော သူငယ်ချင်း မိန်းကလေး၏ အမျိုးသားက ဓါးဖြင့် ထိုးအား ဆိုင်ကယ်နှင့် နားကပ်တစ်ဖက်တို့အား ဖြုတ်ယူခဲ့ကြောင်း သိရသည်။

၎င်းနောက် ဓါးဒဏ်ရာများစွာဖြင့် သင်္ချိုင်းကုန်းအနီး ခြုံတစ်ခု၌ ပစ်ထားခဲ့ကြောင်း သိရသည်။ မိန်းကလေးငယ် ပျောက်ဆုံးသဖြင့် မိသားစုနှင့် ဒေသခံ လူမှုရေး အဖွဲ့တို့ ပူးပေါင်းရှာဖွေရာမှ ယနေ့ နိုဝင်ဘာ ၆ရက်၌ မိန်းကလေးငယ်အား ကျေးရွာသင်္ချိုင်းကုန်းအနီး ခြုံတစ်ခုမှ တွေ့ရှိခဲ့သည်။

“အိမ်ကနေ ဒီနားခဏ ဆိုင်ကယ်နဲ့ လိုက်ပို့ပါ ဆိုပြီး သူငယ်ချင်းက ခေါ်သွားတာ။ ပြီးတော့ ပြန်မလာတာနဲ့ ဝိုင်းရှာကြရင်း ဒီနေ့ နေ့ခင်းမှ သင်္ချိုင်းကုန်းနားက ခြုံထဲက ပြန်တွေ့တာ။ ဒဏ်ရာတွေတော့များတယ်။ အသက်အန္တရာယ်လည်း စိုးရိမ်ရပါတယ်။ ဆိုင်ကယ်နဲ့ နားကပ်တစ်ဖက်လည်း လုယက်သွားတယ်”ဟု အမျိုးသမီးငယ်၏ မိသားစုဝင် တစ်ဦးက ပြောသည်။

လုယက်ခံရသူ အမျိုးသမီးငယ်၌ ဓါးဒဏ်ရာ၊ ထိုးကြိတ်ဒဏ်ရာများရရှိ၍ မော်လမြိုင်ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။