သုံးလအတွင်း အောက်တိန်း ၉၂ ဈေး ကျပ်နှစ်ထောင်အောက် ပထမဆုံးပြန်ရောက်

Author ကိုထားဝယ်
Categories
Published on Oct 05, 2023

စက်သုံးဆီဈေးနှုန်းများဆက်တိုက်ကျဆင်းနေပြီး အောက်တိန်း ၉၂ တစ်လီတာဈေးနှုန်းသည် သုံးလအတွင်း ပထမဆုံးအနေဖြင့် အနိမ့်‌ဆုံးဈေးနှုန်းတစ်ရပ်သို့ ရောက်ရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ပြည်တွင်း၌အဓိကအသုံးပြုသည့် စက်သုံးဆီတစ်မျိုးဖြစ်သော အောက်တိန်း ၉၂ ဈေးနှုန်းသည် ဇူလိုင်ပထမပတ်အတွင်းက တစ်လီတာလျှင် ၁၉၉၀ ဝန်းကျင်ရှိခဲ့ပြီးနောက် ယနေ့အောက်တိုဘာ ၅ ရက်တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၉၀ ကျပ်သို့ ပထမဆုံးပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း စက်သုံးဆီဆိုင်များ၏ နေ့စဉ်ထုတ်ပြန်သည့်ဈေးနှုန်းများအရ သိရသည်။

ထိုစက်သုံးဆီဈေးသည် သုံးလအတွင်း တစ်လီတာလျှင် ကျပ် ၂၄၀၀ ဝန်းကျင်အထိ အမြင့်ဆုံးအဖြစ်မြင့်တက်ခဲ့သည်။

လတ်တလော ကျန်စက်သုံးဆီဈေးနှုန်းများသည်လည်း သုံးလအတွင်း အနိမ့်ဆုံးဈေးနှုန်းများအဖြစ်သို့ရောက်ရှိနေကြောင်း စက်သုံးဆီဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံခြားငွေကြေးဈေးနှုန်းများကျဆင်းနေခြင်းနှင့် ကမ္ဘာ့ရေနံစိမ်းဈေးကျဆင်းခြင်းတို့ကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများကျဆင်းလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိစက်သုံးဆီဈေးကွက်အတွင်း အောက်တိန်း ၉၂ တစ်လီတာလျှင် ၁၉၉၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာလျှင် ၂၀၈၅ ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၄၀၅ ကျပ်နှင့် အဆင့်မြင့်ဒီဇယ်တစ်လီတာလျှင် ၂၄၄၅ ကျပ် ဖြစ်ကြောင်း ရန်ကုန်မြို့တွင်းရှိစက်သုံးဆိုင်အရောင်းဆိုင်များထံမှ သိရသည်။