သုံးရက်အတွင်း ဗျူဟာကုန်း၊ ခရိုင်ရဲစခန်းနှင့်‌‌ ခြေကုပ်စခန်းတို့ကို သိမ်းနိုင်ခဲ့သည်ဟု AA ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Dec 30, 2023

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ အကြား စစ်ရေးပြင်းထန်နေသည့် ရက္ခိုင်ပြည်တွင် ဒီဇင်ဘာ (၂၆) ရက်နေ့မှ (၂၈) ရက်နေ့အထိ သုံးရက်တာအတွင်းတွင် စစ်ကောင်စီ၏ ဗျူဟာကုန်း၊ ခရိုင်ရဲစခန်းနှင့် စခန်းကုန်းတို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော် (AA) က ယမန်နေ့ (ဒီဇင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ (၂၆) ရက်နေ့ ည (၉) နာရီဝန်းကျင်တွင် မြောက်ဦးမြို့ရှိ ခရိုင်ရဲစခန်း၊ ဒီဇင်ဘာ (၂၇) ရက်နေ့  နံနက် (၆) နာရီ (၁၀) မိနစ်ဝန်းကျင်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် နံနက် (၉) နာရီ (၂၀) မိနစ်ဝန်းကျင်တွင် အိန္ဒိယ-မြန်မာနယ်စပ် ပလက်ဝဒေသတွင်ရှိသော ပွိုင့် (၃၇၇) စစ်ဆင်ရေး ခြေကုပ်စခန်းတို့ကို အသီးသီးသိမ်းယူနိုင်ခဲ့သည်ဟု ရက္ခိုင့်တပ်တော်က  ဖော်ပြထားသည်။

ရက္ခိုက့်တပ်တော်၏ သုံးရက်တာ စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လက်နက်ခဲယမ်းများ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားကိုပါ သိမ်းဆည်းရမိခဲ့ပြီး သေဆုံးပုပ်ပွနေသည့် စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းများစွာတို့ကိုလည်း ကောင်းမွန်စွာ မြုပ်နှံသင်္ဂြိုဟ်ပေးခဲ့သည်ဟု သိရသည်။

 

ညီနောင်မဟာမိတ်သုံးဖွဲ့တွင် ပါဝင်သည့် ရက္ခိုင့်တပ်တော်သည် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့မှ စတင်ကာ အခြားညီနောင်နှစ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ်မတော် (TNLA) တို့နှင့်အတူ ရှမ်းပြည်(မြောက်ပိုင်း) တခွင်တွင် စစ်ရေးလှုပ်ရှားမှုများရှိခဲ့ပြီး ရက္ခိုင်ပြည်တွင်မူ နိုဝင်ဘာ (၁၃) ရက်မှသာ ၁၀၂၇ စစ်ဆင်ရေးကို စစ်ရေးလိုအပ်ချက်အရ လှုပ်ရှားခဲ့ခြင်းလည်းဖြစ်သည်။

 

နိုဝင်ဘာ (၁၃) ရက်နေ့ မတိုင်မီအထိ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့အကြား အပစ်ရပ်စဲထားသည်မှာ တစ်နှစ်နီးပါးရှိခဲ့ပြီး နိုဝင်ဘာ (၁၃) ရက်နေ့မှ စတင်ကာ တကျော့ပြန်စစ်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ရက္ခိုင်ပြည်အနှံ့အပြားတွင် စစ်ရေးတင်းမာကာ တိုက်ပွဲများ ပြင်းထန်လျက်လည်းရှိသည်။

 

ရက္ခိုင်ပြည် တကျော့ပြန်စစ်ပွဲအတွင်း ရက္ခိုင့်တပ်တော်သည် စစ်ကောင်စီ၏ စခန်းပေါင်း (၁၄၂) ခုကို သိမ်းယူနိုင်ခဲ့သည်ဟု ဒီဇင်ဘာ (၁၄) ရက်နေ့တွင် ထုတ်ပြန်ထားသဖြင့် ယခု ထပ်မံသိမ်းပိုက်နိုင်ခဲ့သည့် စခန်းသုံးခုနှင့်ဆိုလျှင် ရက္ခိုင့်တပ်တော် သိမ်းယူနိုင်ခဲ့သည့် စခန်းပေါင်း (၁၄၅) ခုအထိ ရှိလာပြီလည်း ဖြစ်သည်။

 

ရက္ခိုင့်တပ်တော်အနေဖြင့် သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များထဲမှ ကျန်ရှိနေသေးသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်သိမ်းပိုက်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သားများကိုလည်း လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာပေးပြီး မိသားစုနှင့်တွေ့ခွင့်ရရန် အာမခံကြောင်း၊ လက်နက်ချ အညံ့မခံသူများကိုမူ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဆက်လက် ဖော်ပြထားသည်။

 

ဓာတ်ပုံ – AA Info Desk

Related News

Depend on news