သုံးရက်အတွင်း ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်သည့် မြန်မာရွေ့ပြောင်းလုပ်သား ၈၀ နီးပါး ဖမ်းဆီးခံရ

Author လင်းနွေဦး
Categories
Published on Mar 28, 2024

ထိုင်းနိုင်ငံ၊ ကချနာဘူရီခရိုင်တွင် သုံးရက်တာအတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာ ရွေ့ပြောင်းလုပ်သား ၇၉ ဦး ကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၊ စစ်တပ် နှင့် ထိုင်းရဲတပ်ဖွဲ့တို့မှ ဖမ်းမိကြောင်း Bangkok Post သတင်းဌာနမှ ဖော်ပြသည်။

 

ကချနာဘူရီ(Kanchanaburi)ခရိုင်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ရွေ့ပြောင်းလုပ်သား အစုအဖွဲ့ ငါးဖွဲ့အတွင်း မြန်မာ ၇၉ ဦးအား ထိုင်းအာဏာပိုင်များမှ ပြီးခဲ့သည့် မတ်လ ၂၆ ရက်၊ ၂၇ ရက်၊ ၂၈ ရက် သုံးရက်တာအတွင်း နေရာအသီးသီးတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

 

မတ် ၂၆ ရက် အင်္ဂါ နေ့တွင် သာခနမ်(Tha Khanum)ဒေသတွင်း တစ်နေရာ၌ မြန်မာ ၁၇ ဦး နှင့် ၎င်းတို့အား တရားမဝင် ခေါ်ဆောင်ပေးသူ မြန်မာ တစ်ဦး၊ ၂၇ ရက် ဗုဒ္ဓဟူး နေ့ မနက် ၁၀ နာရီ ဝန်းကျင်တွင် ကိုးဦး နှင့် ၎င်းတို့အား ထိန်းသိမ်းပေးထားသည့် ထိုင်းနိုင်ငံသား တစ်ဦး၊ တောတွင်း တစ်နေရာမှ ဆယ်ဦး နှင့် ၎င်းတို့အား ခေါ်ဆောင်ပေးသူ ထိုင်းလူမျိုး တစ်ဦး၊ ဟင်ဒက်(Hindad) ဒေသရှိ တောတွင်းတစ်နေရာတွင် မြန်မာ ၃၅ ဦး၊ ချလဲ့(Chalae)ဒေသတွင် ခြောက်ဦးနှင့် ၎င်းတို့အား ခေါ်ဆောင်ပေးသူ ထိုင်းလူမျိုး နှစ်ဦးတို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု Bangkok သတင်းဌာန မှ ဖော်ပြသည်။

 

“ကျွန်တော့်ကို မြန်မာ အမျိုးသား တစ်ယောက်က ဆန်ခလန် ဘူရီ ကနေ ဆမတ်ဆခွန် ကို ဘတ် ၈ ထောင်နဲ့ ဒီလူ ဆယ်ယောက် ပို့ပေးဖို့ ငှါးလို့ ပို့ပေးတာပါ။ သတ်မှတ်နေရာရောက်ရင် တခြားတစ်ယောက်က လာပြီး ဒီအုပ်စုကိုကြိုတဲ့အထိပဲ ကျွန်တော် လုပ်ပေးရုံပါ”ဟု တောတွင်း တစ်နေရာတွင် မြန်မာ ဆယ်ဦးနှင့်အတူ ဖမ်းဆီးခံရသည့် ထိုင်းလူမျိုးမှ ရဲများသို့ ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် မြန်မာနိုင်ငံတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်များ ကြီးထွားလာခြင်း၊ စစ်ကောင်စီမှ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် သတ်မှတ်ပြဌာန်းလိုက်သည့် စစ်မှုထမ်း ဥပဒေတို့ကြောင့် ပြည်တွင်းရှိ မြန်မာနိုင်ငံသားအများစုမှာ နီးစပ်ရာ အိမ်နီးချင်းနိုင်ငံများသို့ တိမ်းရှောင်မှုများ ရှိနေခြင်းနှင့်အတူ ယခုကဲ့သို့ တရားမဝင် ဝင်ရောက်မှုများကြောင့် သက်ဆိုင်ရာ နိုင်ငံအာဏာပိုင်များ၏ ရှာဖွေဖမ်းဆီးမှုများကို ခံနေကြရခြင်းလည်း ဖြစ်သည်။

 

ထိုင်းနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့တွင်းသို့ မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေများကြောင့် တရားဝင်နည်းလမ်းဖြင့် ဝင်ရောက်နိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည့် ထိုင်း-မြန်မာချစ်ကြည်ရေး တံတားမှ တဆင့် ၇ ရက် သက်တမ်းရှိ (တံတားကူး လက်မှတ်)ဖြင့် ဝင်ရောက်သည့် လမ်းကြောင်းမှာလည်း ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်ခွင့်တင်းကြပ်ကာ လူအနည်းငယ်သာ ဝင်ရောက်ခွင့် ပြုနေသည်ဟုလည်း မြဝတီမြို့ ဒေသခံများထံမှ သိရသည်။

 

မတ် ၂၁ ရက် ကြာသပတေးနေ့တွင် ကချာနာဘူရီ ခရိုင်အတွင်း တောတွင်းတစ်နေရာတွင် တရားမဝင်ဝင်ရောက်လာသည့်  မြန်မာ လူမျိုး ၅၈ ဦး ထိုင်းနယ်ခြားစောင့် တပ်များမှ ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

 

ဓာတ်ပုံ-Bangkok Post

 

ပုံစာညွှန်း-  မတ်လ ၂၇ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့များမှ ဖမ်းဆီးထားသည့် တရားမဝင် ဝင်ရောက်သူ မြန်မာလူမျိုးအချို့ကို တွေ့ရစဉ်